ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရေးတွင် တိုင်းဒေသကြီး အစိုးရက ကျပ် ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း တိုင်းအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့က ပူးတွဲ တည်ထောင်ထားသည့် အများပိုင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း အစိုးရက ၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင် ၃၀ဝ၀ ကျော်ပါသော မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းက ဖွဲ့ထားသည့် Myanmar Construction and Development Public ကုမ္ပဏီနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး Yangon Metropoliton Development Public အများပိုင်ကုမ္ပဏီကို ထပ်မံ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အများပိုင် ကုမ္ပဏီတွင် ရန်ကုန်တိုင်းအစိုးရက ၅၁ ရာခိုင်နှုန်း၊ MCDP က ၄၉ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ဝေဖန်မှုများ ရှိနေသည့် အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းကို ယခင်အစိုးရလက်ထက် တိုင်းလွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ယခု အစိုးရသစ် လက်ထက် ဆောင်ရွက်မည့် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းကို အတည်ပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက လွှတ်တော်သို့ တင်သွင်းခဲ့ရာ၌ နောက်ဆက်တွဲ စီမံကိန်းများအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အတည်ပြုခဲ့သော်လည်း အဆိုပါ အတည်ပြုမှုတွင် နောက်ဆက်တွဲအဖြစ် ဖော်ပြခဲ့သော ရန်ကုန်မြို့သစ် စီမံကိန်း ပါဝင်သည့် ရန်ကုန်မြို့ပြ မဟာဗျူဟာ စီမံကိန်း လုပ်ငန်းများကို အတည်ပြုခြင်း မဟုတ်ဘဲ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းများကိုသာ အတည်ပြုခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ပြန်လည် ရှင်းလင်းသည်။
“ကျွန်မတို့ အတည်ပြုလိုက်တယ်ဆိုတာ ၂၀၁၇-၁၈ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းကိုပဲ အတည်ပြုလိုက်တာပါ။ ဒါပေမဲ့ ဥပဒေကြမ်းမှာ နောက်ဆက်တွဲ ပါဝင်လာတဲ့ Project တွေကို အတည်မပြုပေးပါဘူး။ ဥပဒေကြမ်းနဲ့ Project နဲ့ ရောထွေးနေတာ ဖြစ်တဲ့အတွက် ဥပဒေကြမ်းကို အတည်ပြုတာ ဖြစ်ပါတယ်”ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။
အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ဥပဒေကြမ်းကိုသာ အတည်ပြုပေးရန်နှင့် နောက်ဆက်တွဲ စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းများကို လွှတ်တော်သို့ တင်ပြခြင်းဖြစ်၍ ဥပဒေကြမ်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။
Credit: The Voice