ရန်ကုန်မြို့တွင်းပိုင်းအတွင်းတည်ဆောက်ထားသောကန်ထရိုက်
တိုက်ခန်းများ အက်ကွဲကြောင်းများပေါ်ရခြင်းမှာ မြေသားပျော့ပျောင်းခြင်းနှင့် ဆောက်လုပ်ရေးသုံးကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေးပိုင်းအားနည်းခြင်းကြောင့်ဖြစ်ရသည်
ဟု မြို့ပြဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အများစုကဆိုသည်။
ထို့ပြင် သက်ဆိုင်ရာရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ လူနေထိုင်ခွင့်ချထားပေး ခြင်းနှင့် အဆောက်အဦးမပြီးခင် လာရောက်စစ်ဆေးမှုအပိုင်းများ ချို့ယွင်းအားနည်း ချက်များရှိနေခြင်းကြောင့် ယခုလို တိုက်နံရံ အက်ကွဲခြင်းများ မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်သည်ဟုစမ်းချောင်းမြို့နယ်မှ လိုင်စင်ရကန်ထရိုက်တာတစ်ဦးကပြောသည်။
အက်ကွဲသွားသည့် တိုက်ခန်းအများစုမှာ စမ်းချောင်းမြို့နယ်နှင့် အလုံမြို့နယ်များတွင် ဖြစ်ပေါ်ခဲ့ပြီး ယင်းဖြစ်စဉ်အများစုနှိုက် မြေသားအတွင်းရေ၀င်ရောက်မှုများပြားနေခြင်း မြေညီထပ်
အခန်းအတွင်း အလေးချိန်ရှိသောပစ္စည်းများ
သိုလှောင်ထားခြင်း၊ တိုက်နံရံတွင်အသုံးပြုသည့် ဘိလပ်မြေ
အုတ်သဲကျောက် အချိုး အဆမမှန်ကန်ခြင်းတို့ကြောင့်
ယခုလိုတိုက်နံရံများ အက်ကွဲခဲ့ရသည်ဟု လာရောက်စစ်ဆေးခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အရာရှိများကဆိုသည်။
ယင်းဖြစ်စဉ်အများစုနှိုက် ကန်ထရိုက်တိုက်များမဆောက်လုပ်မီ အကြိုမြေသားစမ်းသပ်ခြင်း၊တိုင်းတာမှုအား နည်းခြင်းတို့အပြင် တိုက်၏ရှေ့လမ်းမများပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ်များ၏ တုန်ခါမှုများကလဲ သက်တမ်းကြာလာသည်နှင့်အမျှ ကန်ထရိုက်တိုက်၏ ကြံ့ခိုင်မှုများလျော့နည်းလာနိုင် ကြောင်းဘူမိဗေဒကျွမ်းကျင် ပညာရှင် ဦးစိုးညွန့် ကပြောသည်။
“တချို့ဖောင်ဒေးရှင်း တွေကတူးနေရင်နဲ့ မြေသားခပ်မာမာလောက်ရောက်ရင်ဆက်မတူးတော့ဘူး အများစုတိုက်တွေက အဲ့ဒီ့လိုကြီးပဲ လုပ်သားစရိတ်နဲ့ စက်အင်အား သက်သာဖို့အတွက် ခိုကြတာ”ဟု၎င်းကပြောသည်။
လက်ရှိတွင်ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဗိသုကာပညာရှင်များ
ပူးပေါင်းပြီး အဆောက်အဦးတည်ဆောက်မှုဆိုင်ရာစံချိန်စံညွန်းများကို အသစ်ပြန်လည်ရေးဆွဲလျှက်ရှိသည်။”လေ၀င်လေထွက်မရှိတာတွေ လှေကား ခပ်ကျဉ်းကျဉ်းလေးတွေ ဒါတွေဟာ အမှားတွေချည်းပဲ ကြံခိုင်မှုအပိုင်းတွေမှာလဲ လိုအပ်ချက်တွေရှိနေတုန်း ပဲ”ဟု မြို့ပြဗိသုကာဆိုင်ရာကျွမ်းကျင်ပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ၂၀၁၂ခုနှစ်ဇန်န၀ါရီလကအလုံမြို့နယ်တွင်တစ်ကြိမ်၊၂၀၁၂ဒီဇင်ဘာလက စမ်းချောင်းမြို့နယ်တွင်တစ်ကြိမ်၊၂၀၁၃ခုနှစ်ဖေဖော်ဝါရီလအလုံမြို့နယ်တို့ရှိ
ကန်ထရိုက်တိုက်များ၏ နောက်ဖက်ခြမ်းများ၌ အက်ကွဲမှုများဖြစ်ပေါ်ခဲ့ရသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com