ယခုရက်သတ္တပတ်အတွင်း အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းကျော်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်း
မတ် ၂၄ ရက်က ကျပ် ၈၉၉၅ဝဝ သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။
မတ် ၂၂ ရက် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ်၉ဝ၂ဝဝဝသို့ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းမှု ကြောင့် မတ်၂၄ရက်တွင် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ်၈၉၉၅ဝဝ ဝန်းကျင်သို့ ကျဆင်းခဲ့ခြင်းကြောင်း သိရသည်။
တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော်အောင်က ''အရင်ရက်က ကျပ်ကိုးသိန်းကျော်ရောက်ခဲ့တဲ့ရွှေဈေးက အခုတော့ ကျပ်၈၉၉၅ဝဝကို ပြန်ကျသွားတယ်။ အဓိကတော့ ကမ္ဘာ့ဈေးနှုန်းကျလို့ကျတာပါ။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ''ဟု မတ်၂၄ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ယခင်မတ်၂၂ရက်က ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၅ဝ ဒေါ်လာဝန်းကျင်မှ လက်ရှိတစ်အောင်စလျှင် ၁၂၄၅ ဒေါ်လာဝန်းကျင်သို့ နှစ်ရက်အတွင်း တစ်အောင်စလျှင် ငါးဒေါ်လာနီးပါးကျဆင်းခဲ့ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်အချို့က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းအတွင်းရေးမှူး
ဦးဝင်းမြင့်က ''ရွှေဈေးက ကျပ်ကိုးသိန်းကျော်အထိရောက်သွားတော့ ပြန်ရောင်းတဲ့သူတွေများလာပြီး ရွှေဈေးကပြန်ကျသွားတယ်။ နောက်တစ်ခုက ကမ္ဘာ့ ရွှေဈေးကျသွားတာလည်းပါတယ်''ဟုဆိုသည်။
လက်ရှိရောင်းလိုအားမှာ သိသိသာသာမြင့်တက်နေသည့် ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမှာ သိသိသာသာပြောင်းလဲနိုင်ဖွယ်မရှိဘဲ ကျပ်ကိုးသိန်းဝန်းကျင်တွင်သာ အပြောင်းအလဲဖြစ်နိုင်ဖွယ်ရှိကြောင်း ရွှေလုပ်ငန်းရှင်အချို့၏ သုံးသပ်ချက်အရ သိရသည်။
Credit: Democracytoday