အထူးစီးပွားရေးဇုန်များ တွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား အာမခံကုမ္ပဏီများ၏ မ,တည်ရင်း နှီးငွေပမာဏများနေခြင်းကို လုပ် ငန်းရှင်များက လျှော့ချပေးရန် တောင်းဆိုသဖြင့် အစိုးရက ပြောင်းလဲ သတ်မှတ်ပေးလိုက် သည်။
နိုင်ငံခြားအာမခံကုမ္ပဏီများ ၏ မ,တည်ရင်းနှီးငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံသည် မြန်မာတစ်နိုင်ငံတည်းတွင် ရင်းနှီးမြှုပ်နှံသည့် ငွေကြေးပမာဏ မဟုတ်ဘဲ ထိုအာမခံကုမ္ပဏီက နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံထားသည့် ငွေကြေးပမာဏ စုစုပေါင်းဖြစ်ရမည်ဟု
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၂ ရက်တွင် စာထုတ်ပြန်သည်။
မတ်လ ၁၄ ရက်က အဆိုပါဝန်ကြီးဌာန ထုတ်ပြန်မှုတွင် အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီတစ်ခုသည် မ,တည်ရင်းနှီးငွေကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထည့်ဝင်ရမည်ဟု ဖော်ပြထားခဲ့ခြင်းဖြစ်သည်။
သို့သော် မ,တည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ သည် နိုင်ငံခြား ကုမ္ပဏီများအ တွက် လုပ်ကိုင်ရန် အလွန်များပြီးအခက်အခဲ ဖြစ်စေသည့် ငွေပမာဏဖြစ်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက အစိုးရထံ တင်ပြသဖြင့် မ,တည်ငွေကို ယခုကဲ့သို့ လျှော့ချပေးခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောသည်။
‘‘အစိုးရပထမသတ်မှတ်တဲ့ မ,တည်ငွေက ဒီမှာ လာရင်းနှီး မြှုပ်နှံဖို့မလွယ်ဘူး။ ပြီးတော့ အ ထူးစီးပွားရေးဇုန်တစ်ခုမှာပဲ လုပ် ရမှာဆိုတော့ လျှော့ချပေးတာ ကောင်းပါတယ်’’ ဟု ဦးရဲမင်း အောင်က ပြောသည်။
လက်ရှိတွင် သီလဝါအထူး စီးပွားရေးဇုန်၌ ယခင်အစိုးရလက် ထက်က ခွင့်ပြုထားသည့် နိုင်ငံ ခြားအာမခံကုမ္ပဏီသုံးခုရှိသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ရာသီဥတု ဖောက်ပြန်မှုနှင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နေရမှု ကြောင့် လယ်ယာကဏ္ဍ၌ သီးနှံအာမခံ၊ စိုက်ပျိုးရေးအာမခံလုပ် ငန်းများ အကောင်အထည်ဖော် ရန်လိုအပ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
လယ်ယာကဏ္ဍတွင် ပြည် တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု နည်း နေခြင်းသည် အာမခံလုပ်ငန်းများ မရှိခြင်းကြောင့်ဟု မြန်မာနိုင်ငံ စတော့ဈေးကွက် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ၌ တက်ရောက်ဆွေး နွေးသူ စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။
Credit: 7Daydaily