အင်ဒိုနီးရှားနိုင်ငံ၊ ဆုမတြားကျွန်း၏ မြို့တော် မီဒန်မြို့ပြင်ရှိ တန်ဂျန် ဂတ်စ်တာကျေးရွာတွင် တိုင်းရင်းသားမျိုးနွှယ်စုများမှ လူပေါင်း ၅၀၀၀ ကျော် စုရုံးကြကာ တိုင်းရင်းသားတို့၏ မြေယာအခွင့်အရေးများကို အကာအကွယ်ပေးရန် အစိုးရအား ဆန္ဒပြခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို ကမကထပြုခဲ့သည်မှာ ကျွန်းစုတိုင်းရင်းသားပြည်သူ့မဟာမိတ်အဖွဲ့ (IPAA) မှ ဖြစ်သည်။
“နောက်ဆုံးသွေးတစ်ပေါက် ကျန်တဲ့အထိ ကျွန်တော်တို့ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်” ဟု IPAA ၏ အထွေထွေအတွင်းရေးမှူး အက်ဘ်ဒွန် နာဘာဘန်က ပြောကြားသည်။
အင်ဒိုနီးရှားတွင် တိုင်းရင်းသားမျိုးနွှယ်စုများမှာ လူဦးရေ သန်း ၅၀ မှ သန်း ၇၀ အကြားရှိပြီး မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးသော်လည်း
မြေယာများကို တရားဝင်အမည်ပေါက် ပိုင်ဆိုင်ခွင့်မရှိကြချေ။
သစ်ထုတ်လုပ်ရေး၊ ဆီအုန်းနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများက ၎င်းတို့အခြေချရာဒေသများသို့ နယ်ပယ်ချဲ့ထွင်လာခဲ့မှုကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့ကြရသည်။
သမ္မတ ဝီဒိုဒိုက တိုင်းရင်းသားမျိုးနွှယ်စုများ၏ လူနေမှုဘဝများ
မြင့်မားစေရန် ကြိုးပမ်းမည်ဟု ကတိပြုထားသော်လည်း ဆည်များ ဆောက်လုပ်မှုအပါအဝင် အခြေခံအဆောက်အအုံနှင့် စွမ်းအင်ထုတ်လုပ်ရေးတို့နှင့် စပ်လျဉ်းသည့် ဝီဒိုဒို၏ မျှော်မှန်းချက်တို့မှာ တိုင်းရင်းသားများ ဆက်လက်အိုးအိမ်မဲ့ဖြစ်ရဦးမည့်
အလားအလာရှိနေသည်။
“အစိုးရမှာ မူဝါဒကောင်းတွေ စာရွက်ပေါ်မှာ ရှိနေပေမယ့် ကျွန်တော်တို့အတွက်ကတော့ မြေသိမ်းခံရမှုတွေပဲ ဆက်ပြီးရင်ဆိုင်နေရတယ်။ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းလုံးမှာ အဓမ္မမြေသိမ်းယာသိမ်းမှုတွေ ဖြစ်နေဆဲပါပဲ” ဟု IPAA ၏ လက်ထောက်အကြီးအကဲ ရုကာ ဆွမ်ဘိုလင်ဂျီက ပြောကြားသည်။
တိုင်းရင်းသားမျိုးနွှယ်စုများအနေဖြင့် ၎င်းတို့အခြေချနေထိုင်သော သစ်တောများကို စီမံခန့်ခွဲခွင့် ပေးအပ်သည်ဟု အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၁၃ ခုနှစ်အတွင်း ဆုံးဖြတ်ထားသည်။
အင်ဒိုနီးရှားတွင် တိုင်းရင်းသားမျိုးနွှယ်စုတို့ ပိုင်ဆိုင်သည့် သစ်တောမြေ ဟက်တာ ၈ ဒသမ ၂ သန်းရှိသော်လည်း ဝီဒိုဒိုအစိုးရက ၁၃၁၂၂ ဟက်တာသာ ခွင့်ပြုခဲ့ကြောင်း IPAA က ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)