အိမ် ခြံ မြေ ဈေးကွက်သည် ယိုယွင်းအေးစက်လွန်းလှသည်။ယင်းကဲ့သို့ အေးစက်လာခြင်းသည် အကြောင်းတစ်စုံတစ်ရာကြောင့် အေးစက်ခြင်း မဟုတ်ဘဲ အကြောင်းခြင်းရာတို့ပေါင်းစုံလာမှုတို့မှတဆင့် အေးစက်လာခဲ့ခြင်းဖြစ်သည်။
မြေဟူသည် တိုင်းပြည်တစ်ပြည်တွင်ရှိနှင့်နေပြီးသောအရာတစ်ခုပင်ဖြစ်သော်
လည်း တိုးတက်ရန်မရှိသော အရာတစ်ခုဖြစ်သည်။ထို့ကြောင့် မြေတန်ဖိုးသည် လူသားများ များပြားလာသရွေ့ မြင့်တက်ဆဲပင်ဖြစ်သည်။ယင်းအချက်သည် မှားယွင်နိုင်ခြေအနည်းဆုံးသော အချက်ပင်ဖြစ်သည်။သို့သော် မြေတတ်ဖိုးတက်တိုင်းတွင် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လက်ချင်မှ သွက်လက်ပေလိမ့်မည်။
ယခုလည်း မြန်မာနိုင်ငံ၏ အိမ် ခြံ မြေ ဈေးကွက်သည်ထိုကဲ့သို့ဖြစ်နေခြင်းသာဖြစ်သည်။မြေ ဈေးတန်ဖိုးသည် မြန်မာနိုင်ငံ၏
အဓိက အချက်အချာကျသော နေရာများတွင် တဟုန်ထိုးကြီးမြင့်မှုများ ဖြစ်ပေါ်ခဲ့သည်။သို့သော် အရောင်းအဝယ်ပိုင်းတွင်မူ ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၁၆ နှစ်ကုန်ကာလအထိ အေးစက်နေခဲ့သည်။
၂၀၁၇ အစပိုင်းတွင်မူ ဈေးကွက်အတန်ငယ်ပြန်လည်လှုပ်ရှားသွက်လက်လာခဲ့သဖြင့်
အိမ် ခြံ မြေ ဈေးကွက်ပြန်လည်ဦးမော့လာရန် မျှော်လင့်ခဲ့ကြသည်။သို့သော် ယင်းသွက်လက်မှုသည် ခဏတာ အချိန်ပိုင်းမျှသာဖြစ်ခဲ့ပြီး ၂၀၁၇ နှစ်ဦး၏ ဒုတိယလအစမှ စတင်ကာပြန်လည် အေးစက်သွားခဲ့ပြန်သည်။ယင်းကဲ့သို့ဈေးကွက်အေးစက်လာမှုသည် နာတာရှည်အဖျားရောဂါကဲ့သို့ပင်ဖြစ်နေသည်။
ထိုသို့သော အခြေအနေများကြောင့် အိမ် ခြံ မြေ ဈေးကွက်အတွင်းရင်းနှီးမြုပ်နှံကြသူများနှင့် အိမ် ခြံ မြေ အကျိုးဆောင်ပွဲစားများသည် ထူးခြားကောင်းမွန်သောဆေးဝါးများကိုမျှော်လင့်နေကြသည်။ယင်းကဲ့သို့မျှော်လင့်နေချိန်တွင် ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ ယခုလပိုင်းအတွင်း ရင်းနီးမြုပ်နှံမှုဥပဒေအား အတည်ပြုထုတ်ပြန်သွားဖွယ်ရှိကြောင်း ပြောဆိုသည့်သတင်းများထွက်ပေါ်လာကြသည်။ယင်းသတင်းသည်
အိမ် ခြံ မြေ လောကသားများ၊
အိမ် ခြံ မြေအားမှီတင်း၍ စီးပွားရှာကြသူများအတွက် အသက်ရှုချောင်စရာ သတင်းစကားဖြစ်လာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအစိုးရ
တစ်ရပ်ပေါ်ထွန်းလာပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအား သတိပြုမိသည့် နိုင်ငံများပြားလာခဲ့သည်။ယင်းကဲ့သို့သတိပြုမိရာမှတဆင့် လူ့စွမ်းအားအရင်းအမြစ်ပေါများသော၊ လုပ်ခလစာပေးချေရမှု
သက်သာသော၊ နိုင်ငံတကာနှင့်ဆက်သွယ်သွားလာရလွယ်ကူပြီး အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးမှုအားကောင်းလာဖွယ်ရှိသော
အချက်တို့ကြောင့် စီးပွားရေးလာရောက်လုပ်ကိုင်လိုသည့် နိုင်ငံများယခင်ထက်ပိုမိုများပြားလာခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြုပ်နှံမှုများလာရောက်ပြုလုပ်လိုသော်လည်း
ပြည်တွင်း၌ တိကျခိုင်မာသော နိုင်ငံတကာရင်းနှီးမြုပ်နှံမှုဥပဒေမှာ အဆင်သင့်ရှိမနေသေးခြင်းကြောင့် လာရောက်မြုပ်နှံရင်းနှီးလိုသူများမှာ စောင့်ကြည့်ဆဲ အနေအထားဖြင့်သာ ရှိနေကြရသည်။ယခုနှစ်ပိုင်းအတွင်း၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေအား အတည်ပြုထုတ်ပြန်နိုင်မည်
ဆိုပါက စောင့်ကြည့်နေကြသော နိုင်ငံတကာ ကုမ္ပဏီများသည် ပြည်တွင်းသို့အလုအယက်တိုးဝင်လာကြမည်ဖြစ်သည်။
ထိုအခါ ပြည်တွင်းသို့ဝင်ရောက်လာကြသော စီးပွားရေးလုပ်ငန်းရှင်များအတွက် အခြေခံအဆောက်အအုံများလိုအပ်လာမည်ဖြစ်သည်။ယင်း Infrastructure ၏ အဓိကအရင်းအမြစ်သည် မြေ ပင်ဖြစ်သည်။စက်ရုံတည်ဆောက်ရန် မြေလိုအပ်မည်ဖြစ်သည်။နေထိုင်ရန် အိမ်လိုအပ်မည်ဖြစ်သည်။လိုအပ်ချက်အားလုံးသည် မြေမှသာစတင်ရမည်ဖြစ်သောကြောင့် အိမ် ခြံ မြေ လောကသားများအတွက် ယင်းဥပဒေသည် အသက်ရှုချောင်နိုင်ဖွယ်ရှိသည်။
""ဘာလုပ်မလဲ။ဒီဥပဒေပြဌာန်းပြီးလို့ စီးပွားရေးလုပ်ငန်းရှင်တွေဝင်လာရင် ဘာစီးပွားရေးပဲ လုပ်လုပ် အိမ် ခြံ မြေ ကို ဦးမတိုက်လို့ကိုမရဘူး။ကျိမ်းသေ ဦးတိုက်ရမှာဘဲ""ဟူသော အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းရှင်
တစ်ဦး၏ စကားကို အမှတ်ရမိသည်။
တိကျသော.စည်းမျဉ်း ၊ စည်းကမ်း ဥပဒေများဖြင့် ပြည့်စုံကောင်းမွန်သော ရင်နှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေသည် အိမ် ခြံ မြေ အတွက် အသက်ရှုချောင်စေရုံမက ပြည်တွင်းစီးပွားရေးတွင်လည်း
အားကောင်းစေပြီး နိုင်ငံ၏ GDP ကိုလည်းမြင့်စေမည်ဖြစ်သည်။ထို့ပြင် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ပြဿနာကိုလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် အထိုက်အလျောက်ဖြေလျှော့ပေးနိုင်မည်ဖြစ်သည်။
ထိုသို့သော အကြောင်းတရားများကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဥပဒေအမှန်တကယ်ပေါ်ပေါက်လာပါက
များစွာသော အကျိုးဖြစ်ထွန်းမှုများရှိစေနိုင်ပြီး အိမ် ခြံ မြေ ဈေးကွက်အေးစက်နေမှုအတွက်လည်း အသက်ရှုချောင်စေနိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်လာမည်မှာ ဧကန်မလွဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com