ထိုင်းနိုင်ငံရှိ ကမ္ဘာကျော်အပန်းဖြေကျွန်းဖြစ်သော ဖူးခက်တွင် အိမ်ခြံမြေလိမ်လည်မှုတစ်ခုကို စုံစမ်းဖော်ထုတ်ခဲ့သည့် ဘီဘီစီသတင်းထောက်တစ်ဦးကို ထိုင်းရှေ့နေတစ်ဦးက
အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘီဘီစီသတင်းထောက်နှင့်အတူ လိမ်လည်ခံရသူ
နိုင်ငံခြားသားကိုလည်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပြစ်မှုထင်ရှားတွေ့ရှိပါက ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ဒ်သည် ထောင်ဒဏ် ၅ နှစ်ကျခံရဖွယ်ရာရှိသည်။
ထိုင်းနိုင်ငံတွင် ပြဌာန်းထားသော အသရေဖျက်မှုနှင့် ကွန်ပြူတာရာဇဝတ်မှုဥပဒေများသည် စုံစမ်းဖော်ထုတ်သတင်းရယူသည့် စာနယ်ဇင်းကဏ္ဍကို ရိုက်ချိုးလိုက်ခြင်းဖြစ်ပြီး အကျင့်ဖျက်ခြစားမှုများ နေရာစုံဖြစ်ပွားလျက်ရှိသည့် ထိုင်းနိုင်ငံ၏ မတရားမှုများကို ဖော်ထုတ်ရန် ခက်ခဲစေလျက်ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။
ဘီဘီစီသတင်းဌာန၏ အရှေ့တောင်အာရှဆိုင်ရာသတင်းထောက် ဂျိုနသန်ဟက်ဒ်သည် ၂၀၁၅ ခုနှစ်အတွင်းက ဖူးခက်တွင် အငြိမ်းစား နိုင်ငံခြားသား ၂ ဦး အိမ်ခြံမြေအလိမ်ခံခဲ့ရပုံကို ဖော်ထုတ်ရေးသားခဲ့ခြင်း ဖြစ်သည်။
ဂျိုနသန်ဟက်ဒ်သည် ဖူးခက်ရှိ တရားရုံးတွင် ဗြိတိန်နိုင်ငံသား၊ အငြိမ်းစားတစ်ဦးဖြစ်သူ အီယမ် ရန့်စ်နှင့်အတူ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ပြီး နှစ်ဦးလုံးက အပြစ်မရှိကြောင်း လျှောက်လှဲခဲ့ကြသည်။
၎င်းတို့၏ ပတ်စ်ပို့များကို တရားရုံးတွင် ပေးအပ်ထားရသဖြင့် ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း ဂျိုနသန်ဟက်ဒ်အတွက် အာရှတစ်လွှား သတင်းထောက်အလုပ်လုပ်ရာတွင် များစွာ အခက်ကြုံရလျက်ရှိသည်။
ဖူးခက်မှ ရှေ့နေတစ်ဦးဖြစ်သော ပရာတွန် သာနာရက်ခ်က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရန့်စ်သည် အငြိမ်းစားယူခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ဖူးခက်၌ အခြေချကာ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားသည်။
ဖူးခက်တွင်ပင် ပေါင် ၁ သန်းနီးပါးတန်ကြေးရှိ အိမ်ခြံမြေများဝယ်ယူခဲ့ပြီး မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။
ထိုင်းဥပဒေအရ နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်မရှိချေ။
ထို့ကြောင့် နိုင်ငံခြားသားများမှာ ထိုင်းတွင် အိမ်ခြံမြေများဝယ်ယူရာတွင် ၎င်းတို့ပိုင်သည့် ကုမ္ပဏီ (သို့မဟုတ်) ၎င်းတို့ယုံကြည်ရသည့် ဒေသခံတစ်ဦးဦး၏ အမည်ဖြင့် ဝယ်ယူလေ့ရှိကြသည်။
၂၀၁၀ ပြည့်နှစ်တွင် ရန့်စ်၏ ဇနီးက ခင်ပွန်းဖြစ်သူ၏လက်မှတ်ကို အတုလုပ်ကာ ဖူးခက်ရှိ ငွေကြေးခဝါချသူများ၊ အိမ်ခြံမြေအကျိုးဆောင်များမှတစ်ဆင့် အိမ်ခြံမြေများကို ရောင်းချရန် ကြိုးစားခဲ့ခြင်းအား ရန့်စ်က သိရှိသွားခဲ့သည်။
အဆိုပါအမှုအတွက် ရန့်စ်၏ဇနီးသည် ထောင်ဒဏ် ၄ နှစ်ချမှတ်ခံခဲ့ရပြီး ရန့်စ်မှာလည်း အိမ်ခြံမြေများ ပြန်ရရန် တရားရုံးတွင် နှစ်ပေါင်းများစွာ အမှုရင်ဆိုင်ရလျက်ရှိဆဲပင် ဖြစ်သည်။
ဘီဘီစီသတင်းထောက် ဂျိုနသန်ဟက်ဒ်က စုံစမ်းဖော်ထုတ်ခဲ့သည်မှာ ရှေ့နေပရာတွန်သည် ရန့်စ်၏ ရှေ့မှောက်တွင်မဟုတ်ဘဲ နိုထရီသက်သေခံပေးခဲ့ကြောင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနှင့် အခြားနိုင်ငံအများစု မတူညီသည့်အချက်မှာ နိုင်ငံများစွာတွင် အသရေဖျက်မှုကို တရားမမှုအဖြစ် သတ်မှတ်ထားသော်လည်း
ထိုင်းတွင်မူ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)