၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်သစ်မှ အစပြု၍ အိမ် ခြံ မြေ ဈေးကွက်အတွင်းအရောင်းအဝယ်များအား အခွန်နှုန်းထားတိုးမြှင့်ကောက်ယူသွားဖွယ်ရှိသော သတင်းများထွက်ပေါ်နေသော်လည်း မသေချာသေးကြောင်း
ပြည်တွင်းအခွန်မှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောပြသည်။
""မသေချာသေးပါဘူး။နောက်ပြီး အခွန်တိုးကောက်တာပဲဖြစ်ဖြစ် လျှော့တာပဲဖြစ်ဖြစ်ပေါ့။ဒါက ဌာနတစ်ခုရဲ့ အမိန့်ညွှန်ကြားချက်နဲ့လုပ်လို့ရတော့တာမျိုးမဟုတ်ဘူးလေ။လွှတ်တော်မှာ
တင်ပြီး ဆွေးနွေးဆုံးဖြတ် အတည်ပြုပြီးမှသာ ဖြစ်ရမယ့်ကိစ္စ။ဒါကြောင့် လောလောဆယ်မှာတော့ အခွန်တိုးကောက်ဖို့ရှိတယ်လို့ပြောနေတာတွေက မသေချာသေးပါဘူး။""ဟု ပြောဆိုသည်။
အကယ်၍ အိမ် ခြံ မြေ အခွန်နှုန်းထားအား ယခုထက်ပိုမိုတိုးကောက်ပါက ဈေးကွက်မှာ လက်ရှိအခြေအနေထက် ပိုမိုအေးစက်သွားဖွယ်ရှိကြောင်းလည်း ပြည်တွင်းအိမ် ခြံ မြေ အကျိုးဆောင်များမှ ဆိုသည်။
""ကိုယ်တွေကတော့ တိုးကောက်တာမျိုးမလုပ်စေချင်သေးဘူး။တကယ်လို့တိုးကောက်ရင် ဈေးကွက်ရဲ့အနေအထားကို စဉ်းစားရမယ်။ဒါမှ အဆင်ပြေတဲ့ အချိုးနှုန်းတစ်ခုရမယ်။မဟုတ်ရင်တော့ မလွယ်လှဘူး။ဈေးကွက်အတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်သွားလိမ့်မယ်။""ဟု ရွှေဝါမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုအောင်သန်းကပြောဆိုသုံးသပ်သည်။
လက်ရှိကောက်ခံနေသောအခွန်နှုန်းထားမှာ တစ်ကျပ်မှ သိန်းသုံးရာ အထိလျှင် အခွန်ငွေ ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ မှ သိန်း တစ်ထောင်အထိလျှင် ၂၀ ရာခိုင်နှုန်း နှင့် သိန်းတစ်ထောင်အထက်လျှင် ၃၀ ရာခိုင်နှုန်း ဟူ၍ ၂၀၁၆ ဧပြီလကသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com