အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ရှိ တရားရုံးတစ်ရုံးသည် ကေတီပယ်ရီနှင့် သီလရှင်များအကြားဖြစ်ပွားသော အိမ်ခြံမြေအငြင်းပွားမှုတွင် ကေတီပယ်ရီအား အနိုင်ပေးလိုက်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
အငြင်းပွားမှုဖြစ်ပွားသည့် အဆောက်အအုံမှာ လော့စ်အိန်ဂျလိရှိ ကက်သလစ်သီလရှင်ကျောင်း အဆောက်အအုံဖြစ်ပြီး ကေတီပယ်ရီက ဝယ်ယူရန် ကြိုးပမ်းနေသည်မှာ နှစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ ပိုင်နက်တွင်ရှိသည့် ယင်းအဆောက်အအုံကို သီလရှင်များက စားသောက်ဆိုင်လုပ်ငန်းရှင်၊ အိမ်ခြံမြေ developer ဖြစ်သူ ဒါနာ ဟိုလစ္စတာအား ရောင်းချလိုရာ ကေတီပယ်ရီကတစ်ဖက်၊ သီလရှင်များနှင့် ဟိုလစ္စတာကတစ်ဖက် အမှုဖြစ်ပွားကြခြင်းဖြစ်သည်။
ယင်းသီလရှင်များနှင့် ကေတီပယ်ရီသည် ယခင်ကလည်း ကျောင်းတော်ကရန်စများရှိခဲ့ပြီး သီလရှင်များက ကေတီပယ်ရီကို စုန်းမတစ်ဦးဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်ဟု ဆိုသည်။
သီလရှင်များက အဆိုပါကျောင်းဝန်းကို ကေတီပယ်ရီအား ရောင်းချခွင့်မပြုရန်ကြိုးပမ်းကြပြီး ၂ နှစ်တာအထိ ကြာမြင့်ခဲ့သည့် အမှုလည်း ဖြစ်သည်။
“သီလရှင်တွေမှာ မစ္စ ဟိုလစ္စတာထံ ဒီအဆောက်အအုံရောင်းချခွင့် အခွင့်အာဏာမရှိဘူးဆိုတာ ရုံးတော်က စစ်ဆေးတွေ့ရှိပါတယ်” ဟု တရားသူကြီး စတက်ဖနီ ဘိုဝစ်ခ်က ပြောကြားသည်။
တရားသူကြီးဘိုဝစ်ခ်က မစ္စဟိုလစ္စတာထံ ရောင်းချမှုကို ပယ်ဖျက်လိုက်ရာ ကေတီပယ်ရီအဖို့ သီလရှင်ကျောင်းကို ဝယ်ယူနိုင်ရန် လမ်းပွင့်သွားသည်။
ကေတီပယ်ရီသည် သူ၏ကုမ္ပဏီဖြစ်သော The Bird Nest LLC မှတစ်ဆင့် သီလရှင်ကျောင်းကို ဝယ်ယူရန်ကြိုးပမ်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မစ္စပယ်ရီသည် အဆိုပါကျောင်းဝန်းကို ဂိုဏ်းချုပ်ဘုန်းတော်ကြီးထံမှ ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၅ သန်းဖြင့် ဝယ်ယူရန် သဘောတူညီချက်ရရှိခဲ့ပြီး လူနေအဆောက်အအုံအဖြစ် ပြောင်းလဲတည်ဆောက်ရန် ရည်ရွယ်ခဲ့သည်။
အပြီးသတ်သဘောတူညီချက်မရသေးမီတွင် Sisters of the Most Holy နှင့် Heart of the Blessed Virgin Mary သီလရှင်ကျောင်းများမှ သီလရှင်နှစ်ဦးသည် အဆိုပါကျောင်းဝန်းကို အိမ်ခြံမြေ developer ဖြစ်သူ မစ္စဟိုလစ္စတာထံရောင်းချနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
သို့ရာတွင် သီလရှင်များသည် လော့စ်အိန်ဂျလိ ဂိုဏ်းအုပ်ဘုန်းတော်ကြီးနှင့် ပုပ်ရဟန်းမင်းကြီးတို့ထံမှ အတည်ပြုချက် ရယူခဲ့ခြင်း မရှိချေ။
ကျောင်းဝန်း၏ အကျယ်အဝန်းမှာ ၈ ဧကရှိပြီး အဆောက်အအုံများစွာ ပါဝင်သည့်အပြင် ဘုရားကျောင်းတစ်ခုလည်း ပါဝင်သည်။
အဆောက်အအုံများမှာ စပိန်ဗိသုကာဟန်များဖြစ်ပြီး ခြံဝန်းအလယ်ဗဟိုတွင် ကွက်လပ်တစ်ခုရှိကာ ရေကန်တစ်ခု ပါဝင်သည်။
၁၉၃၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၅ ခုနှစ်တွင် တိုးချဲ့ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။
စုစုပေါင်းကြမ်းခင်းဧရိယာ စတုရန်းပေ ၂၀၀၀၀ ရှိပြီး အိပ်ခန်း ၂၅ ခန်းနှင့် ရေချိုးခန်း ၂၉ ခန်းအထိ ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)