တရုတ်နိုင်ငံတွင် တတိယမြောက်အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော ကွမ်တုံမြို့ အခြေစိုက်ကုမ္ပဏီ Country Garden Holdings သည် မလေးရှားတွင် ကန်ဒေါ်လာ ၁၂၁ ဘီလီယံတန်ကြေးရှိ မြို့
သစ်စီမံကိန်းကြီး အကောင်အထည်ဖော်ရန်အတွက်
တရုတ်နိုင်ငံရှိ ရုံးများအားလုံးကို ပိတ်သိမ်းထွက်ခွာသွားကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရုတ်ပြည်တွင်းမှ အရင်းအနှီးများ ပြည်ပသို့ စီးဆင်းမှုကို အစိုးရက တင်းကြပ်ထားမှုကြောင့် ယခုကဲ့သို့ ရုံးများအားလုံး ပိတ်လိုက်ခြင်းဖြစ်သည်
ဟု ဆိုသည်။
အဆိုပါစီမံကိန်းကို Forest City ဟု အမည်ပေးထားပြီး မြေအကျယ်အဝန်း ဟက်တာ ၁၄၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ
မလေးရှားနိုင်ငံ အစ္စကန်ဒါဒေသတွင် တည်ရှိသည်။
အစ္စကန်ဒါသည် စင်္ကာပူနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည့်နေရာဖြစ်သည်။
ယင်းစီမံကိန်းဆောက်လုပ်နိုင်ရန်အတွက် ပြည်မကြီးရှိ ရှန်ဟိုင်းနှင့် အခြားမြို့ကြီးများတွင်ရှိသော ရုံးများကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ရာ တရုတ်ဆောက်လုပ်ရေးလောကတစ်ခုလုံး ဂယက်ရိုက်သွားခဲ့သည်။
Country Garden Holdings သည် ပြည်မကြီးရှိ ရုံးများ မပိတ်သိမ်းမီ Forest City စီမံကိန်းရှိ နေအိမ်ခန်းပေါင်း ၉၀ ရာခိုင်နှုန်းခန့်ကို
တရုတ်ဝယ်လက်များထံ ကြိုတင်ရောင်းချခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ရှန်ဟိုင်းအိမ်ခြံမြေဝက်ဘ်ဆိုက်မှ တာဝန်ခံတို့က ရှန်ဟိုင်းရှိ
Country Garden Holdings ရုံးကို သွားရောက်ကြည့်ရှုခဲ့ရာ အရောင်းပြခန်းရုံးတံခါးများ ပိတ်ထားပြီး ဝန်ထမ်းများလည်း မတွေ့တော့ချေ။
Country Garden က ထုတ်ပြန်ကြေညာရာတွင်
အရောင်းပြခန်းများကို ပြန်လည်မွမ်းမံရန်အတွက် ပိတ်သိမ်းခြင်းဖြစ်ကြောင်း၊ အခြားတရုတ်မြို့ကြီးများရှိ ရုံးများကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ပြန်လည်ဖွင့်လှစ်မည့်ကာလကိုမူ ထုတ်ဖော်ကြေညာထားခြင်းမရှိပေ။
Forest City စီမံကိန်းတွင် တစ်စတုရန်းမီတာလျှင် ရင်းဂစ် ၂၀၀၀၀
(မြန်မာငွေ ၆၁ သိန်းကျော်) ဈေးနှုန်းဖြင့်ရောင်းချပေးမည်ဖြစ်ပြီး အိပ်ခန်းတစ်ခန်းပါ အလတ်စား လူနေခန်းတစ်ခန်းလျှင်
ရင်းဂစ်တစ်သန်း (မြန်မာငွေ သိန်း ၃၀၀၀ ကျော်) ခန့် ကျသင့်မည်
ဖြစ်သည်။Forest City စီမံကိန်းကြီး ပြီးစီးပါက
လူပေါင်း ၇၀၀၀၀၀ ခန့်
နေထိုင်နိုင်မည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)