ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းစာအုပ်ကြီးတွင် ကမ္ဘာ့တစ်ကြိမ်တည်းအများဆုံးလင်မယားကွာရှင်းမှုမှတ်တမ်းမရှိသေးချေ။
ယခုအခါတွင် တရုတ်နိုင်ငံအရှေ့ပိုင်း၊ နန်ကျင်းခရိုင်၊
ကျန်းပိန်မြို့နယ်တွင် ရွာသားပေါင်း ၃၂၀ သည် လင်မယားကွာရှင်းမှုများ တစ်ချိန်တည်းပြုလုပ်ခဲ့ကြသော်လည်း ဂင်းနက်စ်စံချိန်အဖွဲ့အား အကြောင်းကြားမှုမရှိသည့်အတွက် မှတ်တမ်းတင်ခံရမည့် အခွင့်အရေးလက်လွတ်သွားသည်။
ယင်းသို့ ကွာရှင်းရခြင်း၏ အကြောင်းရင်းမှာ ဆောက်လုပ်ရေးစီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ကျေးရွာဖျက်သိမ်းခံလိုက် ရခြင်းကြောင့် ဖြစ်သည်။
ရွာဖျက်သိမ်းခံရခြင်းကြောင့် နေထိုင်ရန်အခက်အခဲ
ရှိသည့်အတွက် လင်မယားကွာရှင်းခြင်းကား မဟုတ်ချေ။
အစိုးရက လျော်ကြေးအဖြစ် အိမ်ထောင်စုတစ်ခုလျှင် အများဆုံး စတုရန်းမီတာ ၂၂၀ မြေအကျယ်အဝန်း ပြန်လည်ပေးအပ်သည့်အပြင် အိမ်ထောင်စုတစ်စုတိုင်းအတွက် ငွေသား ယွမ် ၁၃၀၀၀၀ (ကန်ဒေါ်လာ ၁၈၈၄၄) ပေးအပ်သဖြင့် လင်မယားကွာရှင်းပါက အိမ်ထောင်စု တစ်ခုအဖြစ် ထပ်တိုးလာမည်ဖြစ်ကာ လင်နှင့်မယား တစ်ဦးချင်းအတွက် မြေနှင့် ငွေသားများ သီးသန့်စီရရှိမည် ဖြစ်ခြင်းကြောင့် ဖြစ်လေသည်။
ယင်းကျေးရွာတွင် နေထိုင်သည့် အသက် ၈၀ အရွယ်ရှိသော အဘိုးအို ဒင်က Nanjing Morning News သို့ ပြောကြားရာတွင် သူသည် ဇနီးဖြစ်သူနှင့် ကွာရှင်းလိုက်သော်လည်း ဆက်ဆံရေးကောင်းများရှိနေဆဲဖြစ်ပြီး ကွာရှင်းပြီးနောက်တွင်လည်း အတူဆက်လက်နေထိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကျေးရွာသားများမှာ အသစ်ဆောက်လုပ်မည့် အိမ်ရာစီမံကိန်းတွင် ပျှမ်းမျှအားဖြင့် စတုရန်းမီတာ ၇၀ အကျယ်အဝန်းရှိ နေအိမ်ကိုရရှိမည်ဖြစ်ပြီး ဖျက်သိမ်းပေးလိုက်ရသော မြေနှင့်အဆောက်အအုံ အကျယ်အဝန်းတန်ဖိုးပေါ် မူတည်သည်ဟု ဆိုသည်။
“ကွာရှင်းထားတဲ့ ဇနီးမောင်နှံတွေလည်း သီးခြားစီ လျှောက်ထားခွင့်ရှိတယ်လို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ၂ ရက်ပဲ အချိန်ပေးမယ်လို့လည်း ပြောတယ်။ ၂ ရက်ကျော်သွားရင်တော့ အခွင့်အရေးမရှိတော့ဘူးလို့ ပြောပါတယ်” ဟု ရွာသားတစ်ဦးက ပြောကြားသည်။
တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် ဒုတိယအကြိမ်မြောက် နေအိမ်ဝယ်ယူသူများကို လက်ငင်းပေးချေရသည့်ငွေ ပိုမိုတောင်းခံခြင်းကဲ့သို့သော အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများရှိရာ လင်မယားကွာရှင်းခြင်းများဖြင့် အစိုးရ၏ အိမ်ခြံမြေမူဝါဒကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းလာကြသည်။
အဘိုးအို ဒင်ကမူ ကွန်ဒိုခန်းနှင့် ငွေသားများ ထုတ်ယူရရှိပြီးပါက ဇနီးဖြစ်သူနှင့် ပြန်လည်ပေါင်းသင်းမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)