ထပ်ဆင့်အော်စကာဆုရှင်၊ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် သရုပ်ဆောင်မင်းသမီးကြီး ဂျိမ်းဖောင်ဒါသည်
အရောင်းဈေးကွက်တင်ထား သော ဘီဗာလီဟေးနေအိမ်ကို
ကန်ဒေါ်လာ တစ်သန်းခွဲ ထပ်မံဈေးလျှော့ချပေးလိုက်သည်ဟု နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို အရောင်းဈေးကွက်တင်ထားသည်မှာ တစ်လပင် မကြာမြင့်သေးရာ ယင်းနေအိမ်နှင့် အလျင်အမြန် လမ်းခွဲလိုပုံ ရှိကြောင်း သုံးသပ်ကြသည်။နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေး၊ ထရူးစ်ဒေးလက်စ်တေ့စ် Trousdale Estates အရပ်တွင် တည်ရှိသည်။
ဂျိမ်းဖောင်ဒါနှင့် ခင်ပွန်းဟောင်း၊ အသံဖမ်းပရိုဂျူဆာ ရစ်ချစ် ပယ်ရီတို့သည် ယင်းနေအိမ်ကို အမြန်ရောင်းထုတ်လိုလျက်ရှိကြသည်။
အိပ်ခန်း ၆ ခန်း၊ယခင်ခေါ်ဈေးမှ ကန်ဒေါ်လာ ၁ ဒသမ ၅
သန်းလျှော့ချလိုက်ရာ ယခုဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၄၉၅ သန်းသို့ ကျဆင်းသွားသည်။သို့တိုင်အောင် ဝယ်ယူခဲ့သည့်ဈေးထက် ကန်ဒေါ်လာ ၄ သန်းကျော် မြတ်စွန်းနေဆဲ ဖြစ်သည်။
ဂျိမ်းဖောင်ဒါသည် ယခုအခါ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး ယင်းနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်ကာ ခင်ပွန်း (ဟောင်း) ပယ်ရီနှင့်အတူ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်မှာ စတုရန်းပေ ၇၁၀၀ ကျယ်ဝန်းပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်သည်။
နေအိမ်ဝန်းကျင်တွင် ချောက်ကမ်းပါးနှင့် သမုဒ္ဒရာမြင်ကွင်းတို့၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများ ရှုမြင်နိုင်သည်။
နေအိမ်အတွင်းတွင် ကြီးမားသော အဝတ်ဗီရို၊ မီဒီယာခန်းမ၊ အားကစားလေ့ကျင့်ခန်းမ၊ အိမ်တွင်းရုံးခန်းတစ်ခုတို့အပြင် ဓာတ်လှေကားတစ်ခုပင် ပါဝင်သည်။
ခြံအကျယ်အဝန်းမှာ ၃၆၀၀၀ စတုရန်းပေရှိပြီး ရေကူးကန်တစ်ခု၊ မီးလင်းဖိုပါဝင်သည့် နားနေဆောင်၊ ရေတံခွန်ပါဝင်သည့် ဆိတ်ငြိမ်သော ပန်းဥယျာဉ်တို့ ပါဝင်သည်။
နေစွမ်းအင်သုံး ရေပူစနစ်ပါသည့် ရေကန်တစ်ခုလည်း ပါဝင်ပြီး ပြတင်းများမှာ ခရမ်းလွန်ရောင်ခြည်ကာကွယ်သည့်စနစ်၊ အလိုအလျောက်စနစ်သုံး နေကာများ တပ်ဆင်ထားကာ အခန်းအချို့တွင် ဝါးကြမ်းခင်းများ ခင်းထားသည်။
ဂျိမ်းဖောင်ဒါက ပြောကြားရာတွင် ယင်းနေအိမ်သည် ပါတီပွဲများကျင်းပရန် အလွန်ကောင်းမွန်ပြီး ၎င်း၏ ၇၅ နှစ်ပြည့် မွေးနေ့ပွဲကို မိတ်ဆွေ ၁၅၀ ခန့်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားသည်။
ဂျိမ်းဖောင်ဒါသည် လက်ရှိအားဖြင့် “Grace and Frankie” အမည်ရှိ ဇာတ်ကားကို လီလီတွမ်လင်၊ မာတင်ရှင်းတို့နှင့် တွဲဖက်ရိုက်ကူးလျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)