အင်္ဂလန်နိုင်ငံ မြောက်ပိုင်း ၊ အနောက်ယော့ခ်ရှိုင်းယားပြည်နယ်၊ တော့ဒ်မော်ဒန်မြို့ရှိ ဘုရားကျောင်းဟောင်းတစ်ခုလုံးကို ပေါင် ၁၅၀၀၀၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက်သို့ ဝင်လာကြောင်း လန်ဒန်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါဘုရားကျောင်းတွင် အိပ်ခန်း ၅ ခန်းပါဝင်ပြီး ရောင်စုံမှန်ပြတင်းများဖြင့် ထူးခြားလှကာ ခေါင်းလောင်းမျှော်စင်တစ်ခုလည်း ပါဝင်သည်။
ထူးခြားချက်မှာ အုတ်ဂူမှတ်တိုင်များ ပါဝင်နေကာ ဝယ်လက်အနေဖြင့် ဝယ်ယူပြီးနောက်ပိုင်း အဆိုပါအုတ်ဂူများကို ဖယ်ရှားခွင့်မရှိခြင်း ဖြစ်သည်။
ယင်းဒေသဝန်းကျင်တွင် လုံးချင်းအိမ်တစ်လုံး၏ ပျှမ်းမျှပေါက်ဈေးမှာ ပေါင် ၃၃၀၀၀၀ ဖြစ်ရာ ယခုခေါ်ဈေးမှာ ပျှမ်းမျှပေါက်ဈေးအောက် ထက်ဝက်ခန့် ဈေးသက်သာလျက်ရှိနေသည်။
ဘုရားကျောင်းရှိ သင်္ချိုင်းတွင် သချိုင်းမှတ်တိုင်များ များစွာပါဝင်နေပြီး ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်။
ဘုရားကျောင်းဟောင်းကို ပြန်လည်မွမ်းမံနေမှုမှာ အပြီးမသတ်သေးသည့်အပြင် အဆောက်အအုံ၏ နေရာများစွာတွင် ဆောက်လက်စနေရာ များစွာ ပါဝင်နေသည်။
ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားရာတွင် မိသားတစ်စုစာ နေထိုင်နိုင်ပြီဖြစ်သော်လည်း ဆက်လက်မွမ်းမံပြုပြင်မှုများ ကြီးမားစွာ လိုအပ်နေဆဲဖြစ်ပြီး ငွေကုန်ကြေးကျ အလွန်များဦးမည် ဖြစ်ကြောင်း ဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် ရိဒ်စ် ရိန်းက ပြောကြားသည်။
ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ၂၀၀၄ ခုနှစ်ကတည်းက ခွင့်ပြုချက်ရရှိခဲ့ပြီး လက်ရှိအားဖြင့် မီးဖိုဆောင်၊ ရေချိုးခန်း ၃ ခန်း၊ ဧည့်တွေ့ဆောင်များနှင့် အိပ်ခန်းအချို့ကို ပြုပြင်မွမ်းမံနေဆဲ အခြေအနေ ဖြစ်သည်။
ဘုရားကျောင်းကို ပြုပြင်ရန် ဒေသအာဏာပိုင်တို့က ခွင့်ပြုခဲ့သော်လည်း ကန့်သတ်ချက်များ ပါဝင်ပြီး ခေါင်းလောင်းစင်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဟု ဆိုသည်။
ထို့အပြင် ဝယ်ယူမည့် ဝယ်လက်သည် သချိုင်းမှတ်တိုင်များကို ဖယ်ရှားခြင်းမပြုဘဲ ဆက်လက်ထိန်းသိမ်းထားရမည်ဟုလည်း ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)