ရောင်းအားဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်သည့် စည်းမျဉ်းထိန်းချုပ်မှုများက ဆက်လက်အာဏာတည်ကာ သက်ရောက်မှုရှိမည်ဖြစ်သဖြင့် တရုတ်နိုင်ငံရှိ အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသူ) များသည် ယခုနှစ်တွင် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်စွာ ရင်ဆိုင်နေကြရကြောင်း Moody's Investors Service ကမ္ဘာ့ထိပ်တန်းအကဲဖြတ်ဝန်ဆောင်မှုကုမ္ပဏီက ယမန်နေ့ (မတ် ၁၄) တွင်အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။
အဓိကမြို့ကြီးများတွင် အိမ်ခြံမြေဈေးများ လျင်မြန်စွာ မြင့်တက်မှုကို ထိန်းချုပ်လျှော့ချရန် စီမံချက်စည်းမျဉ်းတင်းကျပ်မှုများသည် ၂၀၁၇ ခုနှစ်တွင် ဆက်လက်အသက်ဝင်နေမည့်
အပြင် ပို၍ပင်တင်းကျပ်လာနိုင်ကြောင်း၊ အရောင်းအ၀ယ်အေးသည့် တတိယတန်းစားမြို့များ၏ မူဝါဒများမှာမူ ဆက်လက်ပြေလျော့ဆဲရှိမည်ဖြစ်ကြောင်း Moody's က ခန့်မှန်း
ခဲ့သည်။
အိမ်ခြံမြေဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်သည့် မြို့ကြီးများတွင် လိုအပ်သော စည်းမျဉ်းတင်းကျပ်မှုများနှင့် အိမ်ခြံမြေဏ္ဍတွင် သက်ဆိုင်ရာမူဝါဒများ အသီးသီး ချမှတ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးအတွင်း တရုတ်ဗဟိုအစိုးရက ထပ်လောင်းပြောကြားခဲ့ပြီးနောက် Moody's က ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံတစ်ဝန်း အဓိကမြို့အများအပြားတွင် အိမ်ခြံမြေစည်းမျဉ်းများအား ပြီးခဲ့သည့် စက်တင်ဘာနှောင်းပိုင်းမှစတင်ကာ ယခုနောက်ဆုံးအကြိမ် တင်းကျပ်လိုက်ကတည်းက ပထမတန်းစားမြို့ကြီးများတွင် မကြာသေးမီလများအတွင်း အိမ်ခြံမြေဈေးနှုန်းဖွံ့ဖြိုးမှုနှုန်း
လျော့ကျလာခဲ့သည်။
စည်းမျဉ်းတင်းကျပ်မှုများအား ဥပမာပြရသော် ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကစားမှုများအား ထိန်းချုပ်၍ အိမ်ခြံမြေဈေးကွက်
တည်ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်ညက ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ ဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်
ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှုအတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်းထိုဘဏ်များအဖွဲ့အစည်းများထံမှ အိမ်ချေးငွေ လျှောက်ထားဖူးသူများအားလည်း
ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com