အင်္ဂလန်နိုင်ငံ၊ မစ်ဒယ်ဘရော့ရှိ လုံးချင်းအိမ်တစ်လုံးကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်က စတာလင်ပေါင် ၁ ပေါင် (မြန်မာငွေ ၁၆၆၃ ကျပ် ) ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း ဗြိတိန်အခြေစိုက် gazettelive ၏ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အင်္ဂလန်နိုင်ငံမြောက်ပိုင်း တီးစ်မြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိပြီး မစ်ဒယ်ဘရော့မြို့လယ်မှ ၅ ကီလိုမီတာ (၃ ဒသမ ၁ မိုင်) သာ ဝေးကွာသည်။
အိပ်ခန်း ၃ ခန်းပါဝင်သည့် အဆိုပါနေအိမ်မှာ ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်ရန် လိုနေသည့် နေအိမ်ဖြစ်သော်လည်း ပြုပြင်ပြီး ပြန်လည်ငှားရမ်းပါက တစ်လလျှင် ကန်ဒေါ်လာ ၈၀၀ ခန့် ရရှိနိုင်ကြောင်း လေလံတင်သည့်အဖွဲ့က ပြောကြားသည်။
Teeside Gazette မှ ဓာတ်ပုံဆရာမ ကေတီလွန်းက နေအိမ်အတွင်းဝင်ရောက်၍ ဓာတ်ပုံရိုက်ခွင့်ရခဲ့သည်။
ကေတီလွန်း၏ တွေ့ရှိချက်အရ ပြတင်းမှန်တံခါးများ ကွဲကြေနေကာ အချို့နေရာများတွင် မှန်များပင်မရှိတော့။
နေအိမ်တွင်း အချို့နေရာများတွင် တံခါးများကျိုးပျက်ပေါက်ပြဲနေကာ ကြမ်းပြင်များတွင်လည်း ပျဉ်ခင်းများစွာ ကွာဟပြုတ်ထွက်နေသည်ဟု ဆိုသည်။
စာရွက်များ၊ ရေဘူးလွတ်များ၊ ကော်ဇောဟောင်းများမှာ ကြမ်းပြင်များပေါ်တွင် ပြန့်ကျဲလျက်ရှိနေသည်။နံရံကပ်စက္ကူများမှာလည်း စုတ်ပြဲကွာကျလျက်ရှိပြီး အချို့ပြတင်းပေါက်များမှာ မှန်များမရှိတော့သောကြောင့် အထပ်သားများဖြင့် ကာရံထားသည်ဟု ဆိုသည်။
ယင်းသို့ အလုံးစုံပျက်စီးနေသည့် နေအိမ်အတွင်း အခြေချနေထိုင်သူတစ်ဦးကို ကေတီလွန်းတွေ့ခဲ့သည်။
ရေချိုးခန်းနှင့် မီးဖိုဆောင် ၂ နေရာကို အဆိုပါနေထိုင်သူက လက်ရှိ အသုံးပြုလျက်ရှိသည်ဟု ဆိုသည်။
နေထိုင်လျက်ရှိသူကား သပိတ်လွယ်ငှက်တစ်ကောင် ဖြစ်လေသည်။
လေလံတင်သည့်ကုမ္ပဏီမှ ရစ်ချတ် ဖရန့်စစ်က ပြောကြားရာတွင် “ဒီအိမ်က အများကြီးပြင်ဆင်ဖို့တော့ လိုပါတယ်။ ဒါပေမယ့် အကျိုးဖြစ်ထွန်းဖို့ အလားအလာတွေ အများကြီး ရှိနေပါတယ်။
ဒီလိုကြီးမားကျယ်ပြန့်တဲ့နေအိမ်မျိုးအတွက် ကြမ်းခင်းဈေး ၁ ပေါင် ဆိုတာက တကယ့်ကြံကြံဖန်ဖန်လို့ ပြောရမှာပါ” ဟု ဆိုသည်။
နေအိမ်နောက်ဖေးခြံဝန်းတွင် ယခင်ကရှိခဲ့ဖူးသော ပန်းဥယျာဉ်မှာ ခြုံနွယ်ပိတ်ပေါင်းတို့အောက်တွင် အရိပ်အမြွက်သာ တွေ့ရတော့သည်။
လေလံတင်ခဲ့သည်မှာ မာရီယော့ထ်ဟိုတယ်တွင်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်၊ ည ၆း၃၀ တွင် စတင်စာရင်းပေးသွင်းပြီး ည ၇း၀၀ တွင် လေလံပွဲစတင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)