ကမ္ဘာ့မြို့ကြီးအားလုံးတွင် နေအိမ်ဈေးနှုန်းများမှာ နှစ်ဆခန့် မြင့်တက်လျက်ရှိနေသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဒက်ထရွိုက်မြို့ ကလေးတွင်ကား ယင်းသို့မဟုတ်ချေ။နေအိမ်များကို ကားတစ်စင်းတန်ဖိုးမျှပင်မရှိသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိရာ အမြင့်ဆုံးခေါ်ဈေးမှာ ဒေါ်လာ ၅၀၀၀ (မြန်မာငွေ ၆၇ သိန်း ၆ သောင်းခန့်) သာဖြစ်သည်။
ဒက်ရိုက်မြို့ကြီးသည် ဒုက္ခအတိကြုံနေသော မြို့ကြီးတစ်မြို့ဖြစ်၏။
မော်တော်ကားထုတ်လုပ်မှုကျဆင်းမှုသည် ဒက်ထရွိုက်၏ စီးပွားရေးပြိုလဲစေကာ မြို့ပြပျက်စီးစေခြင်း၏ အကြောင်းတစ်ရပ်ဖြစ်ခဲ့သည်။
ဒက်ထရွိုက်သည် ယခင်က ကြက်ပျံမကျစည်ကားခဲ့သော်လည်း ယခုအခါတွင်မူ လူသူကင်းမဲ့သည့် တစ္ဆေမြို့ တော်ကြီးသဖွယ်ဖြစ်လာရာ ဒက်ထရွိုက်မြို့အုပ်ချုပ်သူများက အိမ်ခြံမြေများကို ဈေးနှုန်းနည်းပါးစွာဖြင့် ရောင်းချကာ နေထိုင်မည့်သူများကို စွဲဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်။
၂၀၁၃ ခုနှစ်တွင် မြို့ကြီးဒေဝါလီခံကြောင်း ကြေညာခဲ့ခြင်းဖြစ်ရာ အမေရိကန်သမိုင်းတွင် အကြီးကျယ်ဆုံးဒေဝါလီခံရမှုကြီး ဖြစ်ခဲ့သည်။
လူသူကင်းမဲ့နေသော မြို့အတွင်းရှိ နေအိမ်များကို နေအိမ်တစ်လုံးလျှင် ကန်ဒေါ်လာ ၁ ဒေါ်လာ (မြန်မာငွေ ၁၃၅၂ ကျပ်- မတ်လ ၆ ရက်နေ့ ငွေလဲနှုန်းအရ)မှ ဒေါ်လာ ၁၀၀ အကြားဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိနေသည်။
ဒက်ထရွိုက်တွင် ဈေးနှုန်းနည်းပါးစွာဖြင့် ရောင်းချလျက်ရှိသည့်နေအိမ်များအနက် အချို့ကို ထုတ်နှုတ်တင်ပြပါမည်။
(၁ ဒေါ်လာတန် နေအိမ်)
၁ ဒေါ်လာဖြင့် ရောင်းချမည့်နေအိမ်မှာ ဒက်ထရွိုက်မြို့ ၊ စိန့်ကလဲလမ်းတွင် တည်ရှိပြီး ကာလပေါက်ဈေးအားဖြင့် ကန်ဒေါ်လာ ၃၃၆၄၇ ရှိနိုင်သော်လည်း ၁ ဒေါ်လာဖြင့်သာ ဈေးခေါ်ရောင်းချခြင်း ဖြစ်သည်။
ခြံဝန်းအကျယ်အဝန်းမှာ ၃၄၈၄ စတုရန်းပေ ကျယ်ဝန်းပြီး နေအိမ်မှာ ၂၂၄၈ စတုရန်းပေအကျယ်အဝန်း ရှိသည်။
အဆိုပါနေအိမ်ကို ၁၉၁၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
(ဒေါ်လာ ၇၀- မြန်မာငွေ ကိုးသောင်းလေးထောင်ခန့် ဈေးခေါ်ထားသည့်နေအိမ်)
ဒက်ထရွိုက်မြို့၊ ဖလဲမင်းလမ်းတွင်တည်ရှိသော နေအိမ်တစ်လုံးကို ဒေါ်လာ ၇၀ (မြန်မာငွေ ၉၄၆၇၉ ကျပ်- ၂၀၁၇ မတ်လ ၆ ရက်ငွေလဲဈေးအရ) ဈေးခေါ်ထားသည်။
မြို့ကြီးမပျက်စီးခဲ့ဘဲဆိုပါက ကာလပေါက်ဈေးအားဖြင့်ဆိုလျှင် ကန်ဒေါ်လာ ၃၂၆၄၂ ခန့် ရှိနိုင်သည်။
အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၁ ခန်းပါဝင်သည်။
ခြံဝန်းအကျယ်အဝန်းမှာ ၃၀၄၉ စတုရန်းပေ ကျယ်ဝန်းပြီး
နေအိမ်မှာ ၈၃၂ စတုရန်းပေ ကျယ်ဝန်းသည်။
အဆိုပါနေအိမ်ကို ၁၉၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလကဖြစ်ကာ ကန်ဒေါ်လာ ၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိခေါ်ဈေးမှာ ဒေါ်လာ ၇၀ ဖြစ်သည်။
(ဒေါ်လာ ၁၀၀- မြန်မာငွေ ၁၃၅၂၅၇ ဖြင့် ရောင်းချမည့်နေအိမ်)
ကန်ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချမည့်နေအိမ်မှာ ဒက်ထရွိုက်မြို့၊ မေပယ်ရစ်ခ်ျလမ်းတွင် တည်ရှိသည်။
မြို့ကြီးလူသူမကင်းမဲ့ဘဲရှိခဲ့မည်ဆိုလျှင် ကာလပေါက်ဈေးခန့်မှန်းတန်ဖိုးမှာ ၃၁၆၀၃ ဒေါ်လာဖြစ်သည်။
အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၁ ခန်းပါသည်။
ခြံဝန်းမှာ ၅၆၆၂ စတုရန်းပေကျယ်ဝန်းပြီး နေအိမ်မှာ ၆၇၂ စတုရန်းပေအကျယ်အဝန်းရှိသည်။
အဆိုပါနေအိမ်ကို ၁၉၄၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)