တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ဖေဖော်ဝါရီလ၏ ကြိုပွိုင့်အိမ်ရောင်းအားသည် ယခုနှစ်အတွင်း ဒုတိယမြောက်ဆက်တိုက်လအဖြစ် ၁ သောင်း
အောက်သာ ရှိခဲ့ကြောင်း
နှင့် ကြီးကြီးမားမား ပြန်လည်နာလည်ထူမည့် လက္ခဏာ မရှိသေးကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co ကယမန်နေ့ (မတ် ၆) တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ရှန်ဟိုင်းတစ်မြို့လုံးတွင် ပြီးခဲ့သည့်လက ကြိုပွိုင့်အိမ်ခန်း ၉ သောင်း ၆ ထောင်ခန့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ယင်းသည် ဇန်န၀ါရီကထက် ၂ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအောက် ၆၄ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း
ထိုထုတ်ပြန်ချက်အရ သိရသည်။
"တင်းကျပ်လိုက်တဲ့ မူဝါဒတွေက ဆက်လက်အသက်ဝင်နေတာကြောင့် ပြီးခဲ့တဲ့လကဈေးကွက်အခြေအနေဟာ
ခန့်မှန်းခဲ့တဲ့အတိုင်းပဲ ဆက်လက်အားနည်းခဲ့ပါတယ်" ဟု
Centaline မှ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက
ပြောကြားခဲ့သည်။
"ဘယ်လိုဝယ်လက်မျိုးကမှ ဈေးစကားပြောလိုစိတ် မရှိခဲ့ပါဘူး။ ရောင်းသူတွေဘက်က
လည်း ဒစ်စကောင့်တွေ၊ မက်လုံးတွေ လုံလုံလောက်လောက် မပေးခဲ့တာကို တွေ့ရပါတယ်" ဟုလည်း
ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဇန်န၀ါရီလကလည်း ကြိုပွိုင့်အိမ် ၉,၄၂၀ ခန်းခန့် ရောင်းထွက်ခဲ့ပြီး ၂၀၁၆ဇန်န၀ါရီအောက် ၃၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာတွင် ၃၂
ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုဝင်ဘာတွင်မူ ၂၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"ရောင်းသူ၊ ၀ယ်သူ နှစ်ဖက်စလုံးက စောင့်ကြည့်မူဝါဒနဲ့ပဲ တိုးလို့သွားနေကြတာကြောင့်ဒီရောင်းအားကျမှုက အနည်းဆုံး ၆ လလောက်တော့ ရှည်ကြာနေဦးမှာပါ" ဟု Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ထိုဇန်န၀ါရီရလဒ်အား ဖေဖော်ဝါရီလတွင်
ထုတ်ပြန်ခဲ့စဉ်ကတည်းက ခန့်မှန်းပြောကြားခဲ့ပြီးဖြစ်သည်။
နှစ်တစ်နှစ်၏ အစပထမ ၂လသည် နှစ်သစ်ကူးပွဲတော်ကြောင့် အများအားဖြင့်
ရောင်းအားကောင်းလေ့ မရှိပေ။ ပြီးခဲ့သည့်နိုဝင်ဘာနှောင်းပိုင်းကတည်းက မြို့အစိုးရ၏အိမ်ခြံမြေစည်းမျဉ်းများ တင်းကျပ်စွာ ချမှတ်လိုက်မှုက ယင်းယေဘုယျအခြေအနေအား
ထပ်လောင်းခဲ့သဖြင့် ထို့သို့ ကြိုပွိုင့်အိမ်ဈေးကွက် ဆက်လက်ထိုင်းမှိုင်းအေးစက်ခဲ့ခြင်းဖြစ်သည်။
ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကစားမှုများအား ထိန်းချုပ်၍ အိမ်ခြံမြေဈေးကွက်တည်
ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ပြီးခဲ့သည့်
နိုဝင်ဘာလ ၂၈ ရက်ညက ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ ဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှု
အတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း
ထိုဘဏ်များအဖွဲ့အစည်းများထံမှ အိမ်ချေးငွေ လျှောက်ထားဖူးသူများအားလည်း
ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com