ပဲရစ်အခြေစိုက် ဗိသုကာပညာရှင် ဗင်းဆင့် ကာလီဘောက်ထ်က
သူ၏ အဆောက်အအုံများကို အများသူငါ ပုံမှန်တွေ့မြင်နေကြမျိုးထက် ပိုမိုထူးခြားစေရန် လိုလားသူတစ်ဦးဖြစ်သည်။
သူ၏အမြင်ကား ရည်မှန်းချက်ကြီးလှသည်ဟု ဆိုနိုင်၏။
သူ၏မျှော်မှန်းချက်မှာ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန်အတွက် စွမ်းအင်ခြွေတာပြီး ကာဗွန်စုပ်ယူသည့် ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်ရန် ဖြစ်လေသည်။
“ပိုမိုကောင်းမွန်တဲ့ အနာဂတ်ပေါ်ပေါက်လာစေဖို့အတွက် ကျွန်တော်မျှော်လင့်ချက်ပေးချင်ပါတယ်” ဟု ကာလီဘောက်ထ်က ပြောကြားသည်။
ထိုင်ဝမ်၏ မြို့ တော်တိုင်ပေတွင် လက်ရှိဆောက်လုပ်လျက်ရှိသော အဆောက်အအုံကြီးမှာ ဂေဟဗေဒနှင့် သဟဇာတဖြစ်မည့် စိတ်ကူးပုံဖော်မှုများအနက် တစ်ခုအပါအဝင် ဖြစ်လေသည်။
အဆောက်အအုံ၏အမည်မှာ တောက်ကျုယင်ယွမ်ဖြစ်ပြီး
တောက်ကျုရိပ်ငြိမ်ဟု အဓိပ္ပာယ်ရသည်။
တောက်ကျုရိပ်ငြိမ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် အပြီးသတ်ဆောက်လုပ်ရန် ရည်မှန်းထားပြီး သစ်ပင်ပေါင်း
၂၃၀၀၀ ခန့်အပြင် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းလျက် တည်ဆောက်သွားမည် ဖြစ်သည်။
ကာလီဘောက်ထ်က မြို့ ပေါ်တောအုပ်အသွင် တည်ဆောက်ရန် ရည်မှန်းထားပြီး ခရုပတ်သဏ္ဍာန်အောက်ခြေမှ ထိပ်ဖျားအထိ ပတ်လိမ်ကာ တည်ဆောက်မည် ဖြစ်သည်။
ရည်မှန်းချက်အတိုင်း အပြည့်အဝအကောင်အထည်ပေါ်မည်ဆိုပါက တောက်ကျုရိပ်ငြိမ်ရှိ သစ်ပင်များသည် နှစ်စဉ် ကာဗွန်ဒိုင် အောက်ဆိုက် CO2 တန်ချိန် ၁၃၀ ခန့်အထိ စုပ်ယူနိုင်မည်ဖြစ်ပြီး ယင်းပမာဏမှာ ကား ၂၇ စင်းမှ တစ်နှစ်တာ ကာဗွန်ထုတ်လွှတ်မှု ပမာဏနှင့် တူညီလေသည်။
နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ထိုင်ဝမ်သည် ၂၀၁၄ ခုနှစ်အတွင်း CO2 တန်ချိန် သန်း ၂၅၀ ထုတ်လွှတ်ခဲ့သည်ဟု
ဆိုသည်။ကမ္ဘာကြီးပူနွေးမှုကို ရင်ဆိုင်ရန်အတွက် ယခုစီမံကိန်းမှာ သေးငယ်သည့်ခြေလှမ်းတစ်ရပ်သာဖြစ်သော်လည်း ကြီးမားသည့် စိတ်ကူးစိတ်သန်းတစ်ရပ် ဖြစ်သည်ဟု
ကာလီဘောက်ထ်က အခိုင်အမာပြောကြားသည်။
အဆောက်အအုံမှာ ၂၁ ထပ်အမြင့်ရှိပြီး နေထိုင်မည့်သူများ
အနေဖြင့် စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်မည့် နည်းလမ်းများကို အခြေခံကာ ဆောက်လုပ်လျက်ရှိသည်။
သဘာဝအလင်းရောင်ကို အသုံးပြုမှုနှင့် လေဝင်လေထွက်ကောင်းမွန်မှု
တို့ကို အဓိကဦးတည်ကာ ဒီဇိုင်းရေးဆွဲထားသည်ဟု ဆိုသည်။ မိုးရေကို အသုံးပြုသည့်စနစ်နှင့် ဆိုလာပြားများတပ်ဆင်ကာ နေစွမ်းအင်အသုံးပြုမှုစနစ်တို့လည်း ထည့်သွင်းထားသည်။
နာမည်ကျော် ဂေဟသဟဇာတ အဆောက်အအုံစီမံကိန်းများစွာ၏ နောက်ကွယ်တွင် ကာလီဘောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ
ကြာခဲ့ပြီဖြစ်သည်။ဥရောပရှိ မြစ်ကြီးများကို သန့်ရှင်းစေရန် ရည်ရွယ်သည့် ရေပေါ်ဥယျာဉ်များမှသည် သမုဒ္ဒရာအတွင်းရှိ
အမှိုက်များဖြင့် ဖန်တီးပြုလုပ်ထားသည့် ရေအောက်မိုးမျှော်တိုက်များအထိ ပါဝင်သည်။
ထို့အပြင် ကာလီဘောက်သည် နယူးယောက်မြို့ တော်တွင် ၁၃၂ ထပ်အမြင့်ရှိ မြို့ ပြယာခင်းတည်ဆောက်ရန်လည်း စီစဉ်လျက်ရှိသည်။
ပဲရစ်မြို့ ကြီးကိုလည်း အလင်းမြို့ တော်အဖြစ်မှ စိမ်းလန်းစမတ်မြို့ တော်
အဖြစ် ၂၀၅၀ ပြည့်နှစ်အရောက်တွင် အသွင်ပြောင်းနိုင်ရန် ကာလီဘောက်က စီမံကိန်းများ ရေးဆွဲထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)