အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်စ်သည် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ ပါလို အယ်လ်တိုရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မူလခေါ်ဈေးမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၅ သန်းဖြစ်ရာ ခေါ်ဈေးအောက် အနည်းငယ်လျော့နည်းသော်လည်း များစွာမြတ်စွန်းနေသည်ပင် ဖြစ်သည်။
အပြာဖျော့ရောင်နေအိမ်တွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်းတစ်ခန်းအပြင် ဧည့်ဂေဟာဆောင်တစ်ခုလည်း ပါဝင်သည်။
ဆန်တာကလာရာရှိ အိမ်ခြံမြေမှတ်တမ်းများအရ မစ္စရိုက်စ်သည်
၁၉၉၈ ခုနှစ်အတွင်း အဆိုပါနေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၅၅၀၀၀၀ ပေးခဲ့ရသည်။
မစ္စရိုက်စ်သည် တစ်ဦးတည်းဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရန်ဒီဘင်းအပြင် အခြားရင်းနှီးမြှုပ်နှံသူ
တစ်ဦးနှင့် သုံးဦးစပ် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အိမ်ခြံမြေမှတ်တမ်းများအရ တတိယမြောက်ပါဝင်ရင်းနှီးမြှုပ်နှံသူမှာ ကွိုက် ဒီ ဘလက်ကာဟူသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဆိုသည်။
ဘလက်ကာသည်လည်း စတန်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးပင် ဖြစ်သည်။
ကွန်ဒိုလီဇာရိုက်စ်သည် စတန်းဖို့ဒ်တက္ကသိုလ်တွင် ပါမောက္ခတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုရောင်းချလိုက်သော နေအိမ်မှာ တက္ကသိုလ်အနီးတွင် တည်ရှိသည်။
နောက်ပိုင်းတွင် ဘလက်ကာက သူ၏ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ကျန်သူနှစ်ဦးထံ ပြန်လည်ရောင်းချသွားခဲ့သည်ဟု ဆိုသည်။
၂၀၀၁ ခုနှစ်တွင် မစ္စရိုက်စ်သည် စတန်းဖို့ဒ်မှ အလုပ်ထွက်ခဲ့ပြီး သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်၏ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး တဆက်တည်းဆိုသလိုပင် ၂၀၀၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။
အိမ်ဖြူတော်နယ်မြေတွင် တာဝန်ထမ်းဆောင်မှု ပြီးဆုံးပြီးနောက်ပိုင်း စတန်းဖို့ဒ်မြေသို့ ပြန်လည်ခြေချခဲ့ပြီး ပါမောက္ခအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)