"လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ၊ အသက်တစ်ရာ မနေရသော်လည်း အမှု တစ်ရာ ပွေရသည်" ဟူသော ရှေးလူကြီးဆိုဆုံးမစကား အလွန်မှန်ပါလား ဟု ညီးတွားမိလောက်သည်အထိ အဖြစ်အပျက်တစ်ခုက တိုက်ဆိုင်လွန်းလှ သည်။ ရုံးဖွင့်ရက်တစ်ရက်၌ ရုံးမှ အပြန် အိမ်သို့ အရောက်တွင် အသက် (၇၀) ခန့်ရှိ ဘကြီးတစ်ဦး နှင့် သမီး(၂)ယောက်တို့မှာ ကျွန်ုပ်နှင့် တွေ့ဆုံ ရန် ရောက်လာကြသည်။
လမ်းကြားမြေ ကျူးကျော်ထား ဖယ်ရှားပေးပါလား
လက်ထဲတွင် စာရွက်စာတမ်းများ မထပ်လိုက် ပါလာသည်ကို တွေ့ရသည်။ လာရင်းကိစ္စ မေးမြန်းကြည့်ရာ မိမိပိုင်မြေကွက် အတွင်း၌ (၂)ထပ် တိုက် ဆောက်လုပ်ခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်းခတ်ခြင်း နှင့် ပတ်သတ်၍ လမ်းကြားတွင် (၃)ပေခန့် ကျော်လွန်နေ၍ ပြန်လည် ဖျက်သိမ်းပေးရန် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက် အအုံ)မှ အသိပေး အကြောင်းကြားလာသည်ဟု သိရသည်။
အိမ်ပုံစံ မတင်ဘဲ တိုက်ဆောက်ခဲ့မိ အမှား၊ ရှင်းလို့မပြီးတော့ပါလား
ယင်းသို့ စည်ပင်သာယာဥပဒေအရ အရေးယူခံရသည်အထိ အခြေ အေ န ရောက်သွားရခြင်းအကြောင်း မေးမြန်းကြည့်မိပြန်သည်။ "ဘကြီးအောင် " တို့ မိသားစုမှာ အညာကျေးလက် တောရွာမှ ရန်ကုန်မြို့တွင် စီးပွားလာ ရှာကြသူများဖြစ်ပြီး၊ စုဆောင်းရရှိသော ငွေဖြင့် 40'x60' ပါမစ် မြေကွက် တစ်ကွက် အခြေချနေထိုင်ကြသူများ ဖြစ်သည်။ ဆက်လက်စုဆောင်း ရရှိ လာသော ငွေဖြင့် (၂)ထပ်တိုက်ဆောက်ခြင်း ခြံစည်းရိုး အုတ်တံတိုင်း ခတ်ခြင်းများကို ပြုလုပ်သည်။ ယင်းသို့ ဆောက်လုပ်ရာတွင် ပါမစ်မြေကွက် ဝယ်စဉ်က ယခင်ရောင်းသူ ခန်မှန်းတိုင်းတာထားသည်များကို အမှန်ဟု ယူဆကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန(အဆောက်အအုံ) တွင် အိမ်ပုံစံတင်သွင်းခြင်း၊ ခြံစည်းရိုး ခတ် ရန် လျှောက်ထားခြင်းများ ပြုလုပ်ရန် မလိုအပ်ဟု ထင်ကာ မိမိမြေကွက် အ တွင်း၌ တိုက်(၂)ထပ် ဆောက်ခြင်း၊ အုတ်တံတိုင်း ကာရံခြင်းများ ပြုလုပ်ခဲ့ သည်။ ယင်းသို့ တရားမဝင် ဆောက်လုပ်ခြင်းကို အိမ်နီးနားခြင်း တစ်ဦး က ဖော်ထုတ်တိုင်ကြားခဲ့ခြင်းကြောင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး မှူးမှ လာရောက်စစ်ဆေးခဲ့သည်။ ထို့နောက် ခွင့်ပြုချက်မဲ့ အဆောက်အ ဦး ဆောက်လုပ်နေခြင်းအား လုပ်ငန်းရပ်ဆိုင်းထားရန် အကြောင်းကြားခဲ့ သည်။
စည်ပင်လမ်းကြားမြေ ကျူးကျော်နေသ၍ ဒဏ်ရိုက်ခြင်းကို ခံနေရမလား
ထိုမျှသာမက စည်ပင်မြေတိုင်းဌာနမှ တရားဝင်လာရောက် မြေတိုင်းရာတွင် ဘကြီးအောင် ဆောက်ထားသော (၂)ထပ်တိုက် လှေကားနှင့် ခြံစည်းရိုး အုတ်တံတိုင်းမှာ လမ်းကြားအတွင်း၌ (၃ ပေ) ကျူးနေသဖြင့် ပြန်လည် ဖျက် သိမ်းပေးရန် အကြောင်းကြားခြင်း ခံခဲ့ရပြန်သည်။ ဘကြီးအောင်က ဖျက် သိမ်းခြင်း မပြုသဖြင့် စည်ပင်သာယာ ဥပဒေပုဒ်မ (၆၈) အရ ဒဏ်ငွေ (၅) သိန်းအထိ ဒါဏ်ထပ်ရိုက်ခြင်းကို ခံခဲ့ရသည်။ သို့သော် ဒါဏ်ဆောင်ရုံဖြင့် အမှုက ပြီးဆုံးသွားခြင်း မရှိသေးပါ။ လမ်းကြားတွင် ကျူးနေသော ခြံစည်း ရိုးနှင့် လှေကားစွန်းကို ဖယ်ရှားပေးမှသာလျှင် အမှုက ပြီးဆုံးသွားမည်ကို ဘကြီးအောင် တစ်ယောက် မသိခဲ့ပေ။
လှေနံဓါးထစ် မှတ်ယူထားတော့ စည်ပင်က ပြောသည်ကို သူမယုံချင်
ဘကြီးအောင် စိတ်ထဲတွင် အမှတ်မှားနေသည်က ယခင်မြေကွက် ရောင်း သွားသူက မြေအကျယ် 40'x60' ကို မိမိသဘောဖြင့် တိုင်းတာပြီး ရောင်း သွားခဲ့သည့် အတိုင်းအတာကို အမှန်ဟု ယုံကြည်နေပြီး ယင်းအတိုင်းအတာ အတွင်း ဆောက်လုပ်ခြင်း ဖြစ်သဖြင့် လွတ်လပ်စွာ ဆောက်လုပ်ခွင့် ရှိသည် ဟု ထင်မှတ်နေခြင်း ဖြစ်သည်။ မိမိဝယ်ယူစဉ်က ပေအကျယ်မှာ အိုးအိမ်ဦး စီးဌာနမှ တရားဝင်တိုင်းပေးထားခြင်း ဖြစ်၍ လက်ရှိ တိုက်ဆောက် ထားခြင်း ခြံစည်းရိုး ကာရံခြင်းမှာ အမှန်ဟု တထစ်ချ ယုံကြည်နေသည် ကို တွေ့ရသည်။
အခြေအနေ အရ နောက်ဖေးလမ်းကြားမှာ ကျူးကျော်နေသူများလည်း ရှိ
မိမိ ယုံကြည်ချက် မှန်ကန်ကြောင်း တစ်လမ်းတည်းတွင် မြို့နယ်စည်ပင် သာ ယာရေး အုပ်ချုပ်ရေးမှူးရုံးတွင် တရားဝင် အိမ်ပုံစံ တင်သွင်းခြင်း မရှိ ဘဲ ဆောက်လုပ်နေထိုင်သည့် အိမ်အချို့ကို သက်သေပြနိုင်သည်။ ရန်ကုန် မြို့သစ်များတွင် စည်ပင်သာယာပိုင် လမ်းကြားမြေများပေါ်တွင် ကျူးကျော်၍ အိမ်ဆောက်နေထိုင်လျက် ရှိကြခြင်း၊ ကျူးကျော်၍ ခြံစည်းရိုး ခတ်ထားသည့် အိမ်အချို့က ရည်ညွှန်းပြောဆိုသည့်အခါ ထိုသာဓကများကလည်း မြို့သစ် ရက်ကွက်များတွင် ရှိနေသည်ကို တွေ့ရပြန်သည်။
လက်ရှိအခြေအနေတွင် ဘကြီးအောင် ကဲ့သို့ တရားဝင် ဆောက်လုပ်ခွင့်မ တင်ဘဲ ခွင့်ပြုချက်မဲ့ အဆောက်အဦးများအား အခြားရပ်ကွက်များတွင် ရှိနေသည်ဟု သိရသည်။ သို့သော် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်မှူး အနေဖြင့် လိုက်လံ စစ်ဆေးပေးရန် တာဝန်သိ ပြည်သူ သို့မဟုတ် တိုင်တန်း သူ ရှိလာသည့်အခါ မဖြစ်မနေ အရေးယူ ဆောင်ရွက်ရသည်ဟု နားလည်ပါ သည်။
တိုင်ကြားသူရှိ၍ အရေးယူခံရခြင်းမှာ ဇာတ်တော်ထဲမှ ပေါက္ခရမိုး ရွားသလို "စိုစေလိုသူသာ စိုစေသည်" ကွက်ကျားမိုး ရွာသလို ဖြစ်နေပါသည်။ ထိုဥပ မာကဲ့သို့ ဘကြီးအောင် လည်း အချို့သော သူများကဲ့သို့ အိမ်ဆောက်ခွင့် မတင်ဘဲ အိမ်ဆောက်ခဲ့မိသည့်အခါ စောင့်ကြည့်သူ ဥပဒေဘက်တော်သား တာဝန်သိ ပြည်သူတစ်ဦးကြောင့် "ကံဆိုးသူ မောင်ရှင်" ဖြစ်ရတော့သည်။ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က ဒါဏ်ငွေ (၅)သိန်း ထပ်ရိုက်ရုံနဲ့ ရပ် မသွားဘဲ လမ်းကြားတွင် ရောက်နေသော အုတ်တံတိုင်းခြံစည်းနှင့် အစွန် ထွက်နေသော တိုက်လှေကား အသစ်စက်စက်ကြီးကို အတင်းဖျက် ခိုင်းနေ ပြီဟု သိရသည်။
မြေတိုင်းမခေါ် အိမ်ဆောက်မိသည့်အမှား မဆုံးနိုင်တော့ပါလား
နောက်ဆုံး အိမ်လှေကားကိုဖြင့် မဖျက်ပါရစေနှင့် ဟု တောင်းပန်ကာ အုတ် တံတိုင်းခြံစည်းရိုးကိုမူ စိတ်ဆင်းရဲခြင်းများစွာဖြင့် ဖျက်ပေးလိုက်ရပါသည်။ သို့သော် မရပါ။ (၃)ပေ လမ်းကြားရောက်နေသည့် ကွန်ကရစ်လှေကားကို လည်း ဖျက်ခိုင်းနေပြန်သည်။ ဥပဒေနှင့်အညီ ပြောရလျှင် ကျူးနေသည့်လှေ ကား အပြီးဖျက်မှ အေးတော့မည်။ မဖျက်လျှင် စည်ပင်သာယာ ဥပဒေပုဒ်မ ၆၉ အရ ဒါဏ်ရိုက်မည်။ မလိုက်နာလျှင် ထောင်ချ၍ ရသည်ဟု ဥပဒေက ဆိုထားသည်။
နောက်ဖေးလမ်းကြားအတွင်း (၃)ပေ အစွန်းထွက်ရုံဖြင့် ဤမျှလောက် ကြီးကျယ်သည့် ပြဿနာက ဘယ်ကစ၍ ဖြစ်ရသနည်း ဟု မေးခွန်းထုတ်လိုက် လျှင် "အရင်စစ်တော့ အမြစ်မြေက ဆိုသလို" စည်ပင်ဥပဒေကို နားမလည် မှုကြောင့် ဟု ဆိုရမည်။ ဥပဒေနားလည်သူတို့က ဆောက်လုပ်ခွင့် အစိမ်း ဘုတ်မထောင်သော်လည်း ဆောက်လုပ်ခွင့်ရသည့် နည်းလမ်းကို သုံး၍ တ ရားဝင် ဆောက်လုပ်သွားကြသည်။ ထိုသူတို့ကို အဝေးမှကြည့်၍ ဝေဖန်လျှင် မှားလိမ့်မည်။
ဤသို့ဆိုလျှင် ဘကြီးအောင် ကို အကြံတစ်ခုပေးလိုသည်မှာ ယခုအချိန်မျိုး တွင် ဆန့်ကျင်ဘက် လုပ်မနေတော့ဘဲ ဘာပဲဖြစ်ဖြစ် ကျူးနေသည့် (၃)ပေ အကျယ် လှေကားကို ပြန်လည်ဖျက်သိမ်းပေးလိုက်ပါ။ ပြီးမှ ပြင်ဆင်ဆောက် လုပ်ခွင့် တင်၍ တရားဝင် ဆောက်လုပ်ခြင်းသာ အကောင်းဆုံး ဖြစ်ပါသည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com