အမေရိက၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့လိုက်ပြီးနောက်ပိုင်း ပြည်တွင်း ပုဂ္ဂလိကဘဏ် ကမ္ဘောဇဘဏ်မှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ တိုက်ရိုက်ငွေလွှဲ ဝန်ဆောင်မှု စတင်ပြီဖြစ်ကြောင်း အဆိုပါဘဏ် နိုင်ငံတကာ ဘဏ်လုပ်ငန်းဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းလွင်က ပြောကြားသည်။
ကမ္ဘောဇဘဏ်သည် အမေရိကန် ပြည်ထောင်စုတွင် ဘဏ်ခွဲ ဖွင့်လှစ်ထားသော ဂျပန်အခြေစိုက် Sumitomo Mitsui ကော်ပိုရေးရှင်းဘဏ်၏ နယူးယောက်ဘဏ်ခွဲ “SMBC NY” တွင် အမေရိကန်ဒေါ်လာဖြင့် Settlement စာရင်းရှင်အကောင့် ဖွင့်လှစ်ထားပြီး ဖြစ်သောကြောင့် မြန်မာနှင့် အမေရိကအကြား ပိုမို ကောင်းမွန်သည့် ငွေကြေး ကုန်သွယ်မှုနှင့် ငွေလွှဲပြောင်းမှုများကို လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အကောင့်ဖွင့်လိုက်တော့ အရင်က တစ်ပတ်၊ ၁၀ ရက်ကြာတဲ့ ငွေလွှဲဝန်ဆောင်မှုကို အခုဆိုရင် တစ်ရက်တည်းနဲ့ ငွေလွှဲနိုင်ပြီ”ဟု ၎င်းကဆိုသည်။
အဆိုပါ ဝန်ဆောင်မှုအတွက် ကမ္ဘောဇဘဏ်နှင့် SMBC ဘဏ်တို့အကြား ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် မိတ်ဖက်ကော်မတီ ဖွဲ့စည်းခဲ့ပြီး ငွေကြေး ကုန်သွယ်မှု (Trade Fiance)၊ Corporate Banking များကို ပူးပေါင်း လုပ်ဆောင်ခဲ့ကာ ယခုအခါ အမေရိကန် ပြည်ထောင်စုသို့ တိုက်ရိုက် ငွေလွှဲနိုင်သည့်ဝန်ဆောင်မှုကို ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်ထံမှ သိရသည်။
“သွင်းကုန် ပို့ကုန်လုပ်ငန်းတွေ ပိုပြီး အဆင်ပြေလာတာပေါ့။ အဓိကက ဟိုဘက်က ပစ္စည်း ဝယ်ထားရင် ငွေပေး ချေရတဲ့နေရာတွေမှာပိုပြီး အသုံးဝင်တာပေါ့”ဟု ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် ဒေါ်ကေသီအောင်က ပြောကြားသည်။
Credit: The Voice