ခြောက်လကြာ ဆောက်လုပ်ခွင့် ရပ်နားထားသည့် ရန်ကုန်မြို့ရှိ အထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံများ အားလုံးကို နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ပြန်လည်တည်ဆောက်ခွင့် ပြုလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ)ထံမှ သိရှိရသည်။
ယခုနှစ် ဇွန်လမှစ၍ အထပ်နိမ့်၊ အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ရပ်နားခဲ့ပြီး ယခုအခါ အထပ်နိမ့် ၊ အထပ်မြင့် အဆောက်အအုံအားလုံးကို ယခင်အစိုးရ၏မူဝါဒအဟောင်းဖြင့် ပြန် လည်တည်ဆောက်ခွင့်ပြုသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
"သုံးထပ်ခွဲအောက် အထပ်နိမ့် အဆောက်အအုံတွေကို ဇွန်လက တည်ဆောက်ခွင့် လျှောက်ထားတာ ရပ်ဆိုင်းထားပြီး ဇူလိုင်လ ၁ ရက်မှ ခွင့်ပြုခဲ့တယ်။အခုကတော့ အားလုံးကို ပြန်လည်တည် ဆောက်ခွင့်ပေးပါပြီ" ဟု ၎င်းက ဆိုသည်။
ယခုအစိုးရလက်ထက်တွင် အထပ်နိမ့်၊ အထပ်မြင့် ဆောက်လုပ်ခွင့်ကို မူဝါဒသစ် ရေးဆွဲပြီး ခွင့်ပြုရန်စီစဉ်ခဲ့သဖြင့် အထပ်မြင့် ဆောက်လုပ်ခွင့်များ ရပ်ဆိုင်း ခံရသည့်အပြင် ပြန်လည်စစ်ဆေးနေသည်မှာလည်း ခြောက်လကြာ အချိန်ကြာမြင့်နေခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေနှင့် အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောကြားသည်။
"အထပ်မြင့်တွေ ဆောက်လုပ်ခွင့် ပြုလိုက်ပေမယ့် ချက်ချင်းကြီးကတော့ ဘာမှမဖြစ်လာသေးပါဘူး။ အစီအစဉ် အကုန်ပြန်လုပ်ရပါတယ်။ ကြားကာလမှာ ရပ်နားထားရတဲ့အတွက် တစ်ဖက်က စာချုပ်ချုပ်ထားတဲ့သူတွေက လျော်ကြေးတောင်းတာတွေရှိတော့ ဆောက်လုပ်ရေးဈေးကွက် ပြန်ကောင်းဖို့ တဖြည်း ဖြည်းတော့ ကျော်လွှားရပါမယ်" ဟု Capital Construction Co.,Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဝင်းက ဆိုသည်။
ရန်ကုန်မြို့တော်၌ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့် ကန့်သတ်လိုက်သောကြောင့် ယင်းလုပ်ငန်းကို မှီခိုနေသည့် အခြေခံအလုပ်သမားများ စားဝတ်နေရေး ထိခိုက်ခဲ့သောကြောင့် အဆိုပါလုပ်ငန်းများကို ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။
တရားဝင်အဆောက်အအုံများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က အထပ်မြင့် ၃ ထပ်မှ ၈ ထပ်ခွဲထိ အဆောက်အအုံ ၆၀၀၀ ကျော် ခွင့်ပြုပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဇွန်လအထိ အထပ်မြင့် ၃ထပ်မှ ၈ ထပ်ခွဲထိ စုစုပေါင်း အလုံး ၃၀၀ ကျော်သာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက် အအုံ) ထံမှ သိရှိရသည်။
Credit: The Voice