အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရွှေတွင်းများနှင့် ရဟတ်ယာဉ်ကွင်းပါဝင်သော ယာတောတစ်ခုကို ကန်ဒေါ်လာ ၂ဒသမ ၅ သန်းဖြင့်ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
Lonesome Ranch ဟု အမည်ပေးထားသော အဆိုပါယာတောသည် လော့စ်အိန်ဂျလိမှ ရဟတ်ယာဉ်ခရီးဖြင့် ၄၅ မိနစ်သွားရသော နေရာတွင် တည်ရှိသည်။
အဆိုပါနေရာသည် ၁၈၇၀ ပြည့်လွန်ကာလများက ရွှေတူးသည့် အချက်အခြာနေရာ ဖြစ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။
ယာတော၏ အကျယ်အ၀န်းမှာ ဧက ၁၉၀ ခန့်ကျယ်ဝန်းပြီး လော့စ်အိန်ဂျလိမှ မော်တော်ကားဖြင့် ၃ နာရီကွာဝေးသော နေရာလည်း ဖြစ်သည်။
သစ်တောအုပ်များအကြားတွင် တဲငယ် ၇ လုံးပါဝင်ပြီး မတူးတော့ဘဲ စွန့်ပစ်ထားသည့် ရွှေတွင်း ၆ ခုခန့် ပါဝင်သည်။
သင်္ချိုင်းငယ်တစ်ခုနှင့် ပျက်စီးယိုယွင်းနေသော ပြည့်တန်ဆာဂေဟာတစ်ခုလည်း ပါဝင်သည်ဟု ဆိုသည်။ယာတောပိုင်ရှင်မှာ မစ္စတာ တီ..ဟုသာ အတိုကောက်သိရပြီး အသက် ၆၆ နှစ်ရှိပြီဟု ဆိုသည်။
မစ္စတာတီသည် ၁၉၈၁ ခုနှစ်တွင် ယခုယာတောနေရာရှိ တဲတစ်လုံးနှင့်
၆ ဧက အကျယ်မြေနေရာကို ကန်ဒေါ်လာ ၆၀၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာမည်ကျော် အစ္စဘယ်လာကန်ကြီးမှာ နေအိမ်အနီးတွင် တည်ရှိသည်။
အဆိုပါဒေသတွင် ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းများအရ လူဦးရေ ၃၄၆၆ ဦးနေထိုင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။
မစ္စတာတီသည် အဆိုပါ မြေကွက်ဝယ်ယူပြီးနောက်ပိုင်း ကပ်လျက်ရှိသောအခြား မြေကွက်ပေါင်း ၁၅ ကွက်ကို ၀ယ်ယူခဲ့ရာ စုစုပေါင်း ကန်ဒေါ်လာ ၅၀၀၀၀၀ ကုန်ကျခဲ့သည်ဟု ဆိုသည်။
မစ္စတာတီက ယင်းယာတောကို Lonesome Ranch ဟူ၍ ၁၉၉၆ ခုနှစ်တွင် အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ယာတောနှင့် နေအိမ်ကို ၀ယ်ယူပြီးနောက် ယခုအထိ ၃၅ နှစ်တာကာလအတွင်း ပြုပြင်မွမ်းမံမှုများအတွက် စုစုပေါင်း ကန်ဒေါ်လာ ၂ သန်းခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။
၁၉၈၀ ပြည့်လွန်နှစ်များက မစ္စတာတီသည် အဆိုပါယာတောသို့ သီတင်းပတ်ကုန်ရက်တိုင်း သွားရောက်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ တစ်လလျှင် တစ်ကြိမ်ခန့်သာ ရောက်ရှိတော့သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)