"လသာတုန်း ဗိုင်းငင်၊ မိုးရွာတုန်း ရေခံ"ရှေးလူကြီးများ ဆိုရိုစကားအတိုင်း အခွင့်သာတုန်း အခြေအနေ၊ အချိန်အခါကောင်းကို လက်လွတ်မသွားဖို့အတွက် ယနေ့တနေ့လုံး လုပ်ငန်းရှင် သူဌေးလေး "ကိုချမ်းသာ" ရဲ့ ဖုန်းခေါ်သံကို နားစွင့်နေပါတယ်။ လက်ရှိအခြေအနေမှာ အိမ်ခြံမြေ ဝယ်ရောင်းသမား တော်တော်များများကတော့ အရောင်းအဝယ်ပွဲမဖြစ်တဲ့အပေါ်မှာ အပြစ်မြင်ပြီး ငြီးငြူနေပါတယ်။
ကိုချမ်းသာကတော့ ဤကဲ့သို့မဟုတ် အိမ်ခြံမြေ ဝယ်ရောင်းသမားတွေ တွေးတောငေးမောနေကြသလို ကြိုပွိုင့်ဝယ်သူတွေကို မျှော်နေတဲ့ ကန်ထရိုက် အလုပ်မျိုးကို သူ စိတ်မဝင်စား။ နေရာအကွက်အကွင်း ကောင်းကောင်းနှင့် အချက်အချာကျပြီး ကြွယ်ဝချမ်းသာသူတို့ မျက်စိကျသည့် အေးချမ်းဆိတ်ငြိမ်သည့် ရပ်ကွက်ကောင်းတစ်ခုကို ရှာဖွေနေလေရဲ့။
မျက်စိလည်လမ်းမှား၊ ရန်ကင်းမြို့နယ်ကို ရွေးလိုက်တာလား
သူ့ရည်ရွယ်ချက်ကတော့ မျက်စိတစ်ဆုံးကြည့်ရုံ၊ မြင်ရုံနဲ့မကျေနပ်၊ မကြာခင်မှာ ဖွံ့ဖြိုးတိုးတတ်လာတော့မယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အခြေအနေကိုပါ ထည့်တွက်ကာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်တယ်။ "လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တတ်နှေးရတယ်" ဆိုတဲ့ တိုင်းရင်းသား စကားပုံလိုပါပဲ။ နေရာကောင်းရဖို့အတွက် အတော်လေး အချိန်ပေးပြီး လေ့လာစုံစမ်းရတဲ့ သဘောရှိပါတယ်။
နေရာကောင်းကို ရှာနေတယ်ဆိုတော့ ဗဟန်း ရွှေတောင်ကြားလိုနေရာမျိုးလား၊ တက္ကသိုလ်ရိပ်သာလမ်းလို နေရာမျိုးလားလို့ မေးကြည့်မိတယ်။ သူရွေးချယ်နေတာက အဲ့ဒီနေရာမျိုး မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံသူများ ကပ်ကျော်သွားတဲ့ ရန်ကင်းမြို့နယ်အတွင်း ဖြစ်နေတယ်။ အိမ်ခြံမြေ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ စာရေးသူတောင် မျက်စိလည်သွားတယ်။ ရန်ကင်းမြို့နယ်ဆိုတာက စာဖတ်သူတို့ သိတဲ့အတိုင်း လူဦးရေ ထူထပ်တယ်။ အစိုးရတိုက်ခန်းတွေများတယ်။ အစိုးရဌာနရုံးများ စွာ ရုံးစိုက်ရာ နေရာဖြစ်တယ်။ ပြီးတော့ ဘာသာရေးအဆောက်အဦးတွေကလည်း များပြားတာကို တွေ့ရတယ်။ ကိုချမ်းသာ လိုချင်တာက အေးချမ်းဆိပ်ငြိမ်ရပ်ကွက်မှာ လိုက်ရှာနေတယ်ဆိုတော့ အချိန်ပေးရမှာတော့ အမှန်ပင်။
ရန်ကင်းမြို့နယ် အကျော်အမော် ကျောက်ကုန်းနဲ့ဘောက်ထော်
အရေးယူတစ်ဦးတည်အမြင်နဲ့ အကွက်အကွင်း အကျဆုံး နေရာကို လက်ညှိုးထိုးပြပါ ဆိုရင်တော့ "ကျောက်ကုန်း" နဲ့ "ဘောက်ထော်" ရပ်ကွက်တွေကိုပဲ လိုက်ပြဖို့ဘဲ ရှိတယ်လေ။ တစ်ဦးနဲ့ တစ်ဦး အမြင်ချင်းတော့ မတူဘူးပေါ့။ "ရှမ်းကြိုက် နွားချော" တယ်ပဲဆိုဆို ရန်ကင်းမြို့နယ်မှာတော့ "ကျောက်ကုန်း" နဲ့ "ဘောက်ထော်" က မြေနေရာတွေကို အကြိုက်ဆုံးပဲ။
နေ့ညတွေ ပြောမနေနဲ့ နေရာကောင်းတွေ့တာနဲ့ ချက်ချင်းလာ
ဤသို့ဖြင့် "ကိုချမ်းသာ"အတွက် နေရာကောင်းကောင်း ရှာပေးဖို့ အတွေးထဲမှာ နစ်မျောနေစဉ် ဖုန်းသံက ထွက်လာတယ်။ ဖွင့်ကြည့်လိုက်တော့ ကိုချမ်းသာ ဖြစ်နေတယ်။
"ကဲ.....ဆရာရေ၊ မိုးကောင်းဘုရားကိုသာ ကားငှားပြီးလာခဲ့ပေတော့၊ အဲ့ဒီနားက စားတော်ဆက်တစ်ခုမှာ ပွဲစားတွေနဲ့ ကျွန်တော် စောင့်နေတယ်"
"ဟေ......မြေကွက် အရောင်းအဝယ်စကားပြောဖို့သာပြောတယ်၊ အချိန်လည်းကြည့်ဦး မောင်ချမ်းသာရဲ့၊ ည (၇)နာရီထိုးတော့မယ်။"
"ဟုတ်တယ် ဆရာရေ...ပွဲစားတွေလိုက်ပြတဲ့ မြေကွက်တွေ လိုက်ကြည့်ရင်း မိုးချုပ်သွားတာ၊ အခုနေရာကတော့ ကြိုက်တယ်ဗျာ။ မိုးကောင်းဘုရားအနီးလည်း အကွက်အကွင်းလည်း ကျတယ်လေ။ မြေကွက် ဝယ်ပီး အထပ်မြင့် အဆောက်အဦး ဆောက်မယ်ဆိုရင်လည်း (၈)ထပ်အထိ ဆောက်လို့ရတယ်လို့ သိရတယ်လေ။ မြေကွက်ပိုင်ရှင်က နယ်ကို ခရီးထွက်နေတာ၊ ဒီနေ့ညနေမှ ပြန်ရောက်လို့ ရောက်ရောက်ခြင်း စာချုပ်စာတမ်းတွေ ကြည့်လို့ရတယ် ပြောတာနဲ့ ဆရာကို ခေါ်လိုက်ရတာပါ"
"အေး..အေး..အမြန်လာခဲ့မယ်" ဆိုကာ နာရီဝက်နဲ့ အရောက်သွားခဲ့ရတယ်။
စာရေးသူ ရောက်သွားတယ်ဆိုရင်ပဲ အမျိုးသမီး ပွဲစား(၅)ယောက်လောက်နဲ့အတူ မြေရှင်ရှိရာ နေအိမ်သို့ မှောင်ကြီးမဲမဲ ချီတတ်ခဲ့ကြတယ်။ ရောင်းသူတွေက ရောင်းမယ့် မြေနှင့်အိမ် မှာ မနေကြဘူးလေ။ လောလောဆယ် အိမ်ငှားထားတယ်လို့ သိရပါတယ်။ ရောင်းမယ်သာပြောတာ၊ အိမ်ငှားရှိတယ် ပြောကတည်းက အိမ်ငှားဆင်းမယ့်နေ့ကို သိဖို့ လိုလာတယ်။ အိမ်ရှင် အိမ်ငှား (၃) နှစ် အငှား စာချုပ်ချုပ်တယ်လို့လည်း ပြောတယ်။ မြေနှင့်အိမ် ဝယ်တဲ့အခါ အိမ်ငှားရှိနေရင် စိတ်ရှုပ်ရတတ်တယ်၊ ရှင်းတာက အကောင်းဆုံးပေါ့
သိန်းငါးရာပွဲစားခဈေးတတ်သွား၊ လောဘတွေ အတောမသတ်ပါလား
ရောင်းမယ့် မြေနှင့်အိမ် ပိုင်ဆိုင်မှု ကြည့်ဖို့ပြောတော့ (40'x90') အနှစ်(၆၀) ဂရန်စာအုပ်ထုတ်ပြတယ်။ ၂၀၁၀ ခုနှစ်ကတည်းက အမည်ပြောင်းထားတာကို တွေ့ရတယ်။ ဒါနဲ့ ဈေးညှိကြတော့ ဖုန်းထဲမှာ ကြိုပြောပြီး ဈေးညှိတုန်းက "မြေရှင်အနေနဲ့ ကျပ်သိန်းတစ်သောင်းနှစ်ထောင်"ကို သဘောတူထားပြီးကာမှ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင်ပွဲစားတွေရှေ့မှာ ဈေးညှိတဲ့အခါ ကျပ်သိန်းပေါင်းတစ်သောင်း နှစ်ထောင် ငါးရာရမှ ရောင်းမယ် ဟုပြောတယ်။ ချက်ချင်း သိန်း ငါးရာ ခုန်တတ်သွားတယ်လေ။ အကျိုးဆောင်တွေ ပြောပြချက်အရတော့ ပွဲစားခပေးဖို့ တင်လိုက်တာလို့ ဆိုပါတယ်။
အမှန်တကယ် ပြောရလျှင် ဝယ်သူ ကိုချမ်းသာက ပထမပြောထားတဲ့ ဈေးအတိုင်း ဆိုရင် ဝယ်ဖို့ ဆုံးဖြတ်ပြီး လာတာပါ။ ဝယ်မယ် သေချာပြီ လည်း ဆိုရော ရောင်းသူက ပွဲစားခ ထုတ်မပေးချင်ဘူး။ သပိတ်ဝင်၊ အိတ်ဝင် သူအကုန်ယူမယ်။ သိန်းငါးရာကို ပွဲစားခ ပိုတောင်းတယ်။ ပြီးတော့ အိမ်ငှားတွေကို ဝယ်သူလက်အပ်ခဲ့မယ်တဲ့လေ။ မြေနှင့်အိမ် အရောင်းအဝယ် လုပ်တယ်ဆိုတာ "ရော့...ပတ္တမြား၊ ရော့...နဂါး" ဆိုသလို တစ်ဖက်က ငွေပေးရင်၊ တစ်ဖက်က မြေနှင့်အိမ် လက်ရောက်ပေးရမှာလေ။
ခုတော့ "အထင်နဲ့ အမြင် တက်တက်စင်အောင်လွဲလို့" ဝယ်သူနဲ့ ပွဲစားတွေလည်း စိတ်ပျက်ခဲ့ရတယ်။ ပွဲပျက်ပြီး ပြန်ခဲ့ရပါတော့တယ်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com