အမေရိကန်သမ္မတတာဝန်မှ အနားယူတော့မည်ဖြစ်သော ဘားရက်အိုဘားမားသည် နေအိမ်ဝယ်ယူရန် စုံစမ်းလျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘားရက်နှင့် မီရှဲလ် အိုဘားမားတို့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ရေးဗားဆိုက်ခရိုင်ရှိ ရန်ချိုမိုင်ရေ့ခ်ျအမည်ရှိ အပန်းဖြေမြို့ကလေးတွင် နေအိမ်စုံစမ်းလျက်ရှိသည်ဟု ယခင်ကပင် သတင်းထွက်ပေါ်ခဲ့ဖူးရာ ယခုအခါ အဆိုပါသတင်းများ Coachella Valley ရှိ အိမ်ခြံမြေပွဲစားလောကတွင် ပြန်လည်ထွက်ပေါ်လာလျက်ရှိသည်ဟု ဆိုသည်။
အိုဘားမားအနေဖြင့် နေအိမ်တစ်လုံးလုံးကို ၀ယ်ယူပြီးခဲ့ပြီဟူ၍မူ အတည်ပြုနိုင်သေးခြင်းမရှိချေ။
အိုဘားမားမိသားစုနှင့် များစွာရင်းနှီးကျွမ်းဝင်သူ မိုက်ကယ် အက်စ် စမစ်ဆိုသူသည် ရန်ချိုမိုင်ရေ့ခ်ျမြို့ကလေးတွင် မကြာသေးမီကာလအတွင်း နေအိမ်အချို့လိုက်လံကြည့်ရှုခဲ့ရာ အိုဘားမားက စေခိုင်းထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
အိုဘားမားမိသားစုသည် လုံခြုံရေးအတွက် အခြားအမည်ဖြင့် ၀ယ်ယူဖွယ်ရာရှိကြောင်းလည်း ခန့်မှန်းထားသည်။
အောက်ပါနေအိမ်တို့မှာ မိုက်ကယ် အက်စ်စမစ် ကြည့်ရှုခဲ့သော နေအိမ်များဖြစ်ပြီး အိုဘားမားဝယ်ယူဖွယ်ရာရှိသည်ဟု ခန့်မှန်းရသည်။
(၁) ဤနေအိမ်မှာ ဒေသ၀န်းကျင်ရှိ အခြားနေအိမ်များကဲ့သို့ပင် အတွင်း၊ အပြင်ကောင်းစွာ မွမ်းမံထားသည်။ အဆိုပါဝန်းကျင်ရှိ နေအိမ်တို့မှာ ရေကန်များ၊ ပန်းခြံများ၊ တင်းနစ်ကွင်း အစရှိသည်တို့ ပါဝင်လေ့ရှိသည်။
ခြံအကျယ်အ၀န်း ၂ ဒသမ ၄ ဧက ကျယ်ဝန်းပြီး ပင်မနေအိမ်တစ်လုံးနှင့် ဧည့်ဂေဟာ ၂ ဆောင်ပါဝင်သည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်း
အိပ်ခန်း- ၇ ခန်း
ရေချိုးခန်း -၉ ခန်း
နေအိမ်အကျယ်အ၀န်း- ၅၇၄၄ စတုရန်းပေ
(၂) အိုဘားမားအနေဖြင့် ငွေအနည်းငယ်ပိုသုံးလိုပါက ယခုနေအိမ်ကို ရွေးချယ်ဖွယ်ရှိသည်။
ရန်ချိုမိုင်ရေ့ခ်ျတွင် လက်ရှိအားဖြင့် တန်ဖိုးအကြီးဆုံးနေအိမ်ဖြစ်သည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး Casa Bella ဟု နေအိမ်ကို အမည်ပေးထားသည်။
လွန်ခဲ့သော ၄ နှစ်ခန့်ကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဓာတ်လှေကားတစ်စင်းပါဝင်ကာ ကားငါးစီးဆံ့ ကားဂိုဒေါင်တစ်လုံးပါဝင်သည့်အပြင် ၉ ကျင်း ဂေါက်ကွင်းတစ်ခုပင် ပါဝင်သည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၁၂ ဒသမ ၉၉၅ သန်း
အိပ်ခန်း- ၅ ခန်း
ရေချိုးခန်း -၆ ခန်း (အပြည့်)၊ ၄ ခန်း (တစ်ဝက်)
နေအိမ်အကျယ်အ၀န်း- ၁၅၃၀၀ စတုရန်းပေ
(၃) ဤနေအိမ်မှ ရန်ချိုမိုင်ရေ့ခ်ျမြို့ကလေး၏ အလှ၊ သဲကန္တာရ၏ အလှကို ကောင်းစွာစီးမိုးရှုမြင်နိုင်ပြီး အားကစားလိုက်စားသော အိုဘားမားတို့ဇနီးမောင်နှံအတွက် အားကစားခန်းမ ပါဝင်သောကြောင့် အကြိုက်တွေ့စေမည်ဖြစ်သည်။
ရေကူးကန်နှင့် အိမ်ပြင်ခြံဝန်းအတွင်း သာယာလှပခြင်းများကြောင့် အိုဘားမားတို့အနေဖြင့် တစ်နှစ်ပတ်လုံး နေထိုင်ကြဖွယ်ရာရှိသည်။
ခေါ်ဈေး- ကန်ဒေါ်လာ ၃ ဒသမ ၇၉၅ သန်း
အိပ်ခန်း- ၃ ခန်း
ရေချိုးခန်း -၄ ခန်း
နေအိမ်အကျယ်အ၀န်း- ၆၃၇၁ စတုရန်းပေ
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)