အစိုးရမှ ကျူးကျော်ခြင်း၊ ပုဂ္ဂလိကသို့ ငှားရမ်းခြင်းများ ပြုလုပ်ထားသည့် ရန်ကုန်မြို့ရှိ အများပိုင်နေရာများအား အများပြည်သူ ပြန်လည်ပိုင်ဆိုင်ခွင့် ရ၊ မရ နှင့်ပတ်သက်သည့် မြို့နယ်အလိုက် အချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေး ကော်မတီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြထားကြောင်း အဆိုပါကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။
ယင်းအစီရင်ခံစာကို နိုဝင်ဘာ တတိယပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်လက် တင်သွင်းမည်ဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူပိုင် နေရာများအား အစိုရဌာနများမှ ကျူးကျော်ခြင်း၊ ဂရန်ထုတ်ရောင်းချခြင်းများ ရှိနေခြင်းကြောင့် အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးရေးအဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုအား ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထိုသို့ အတည်ပြုလိုက်ခြင်းကြောင့် ယင်းကိစ္စအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေး ကော်မတီက အစိုးရက လုပ်ဆောင်ပေးခြင်း ရှိ၊ မရှိ အဓိကထား စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကော်မတီက သက်ဆိုင်ရာ မြို့နယ်များအတွင်းရှိ အများပြည်သူပိုင်နေရာများနှင့် ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံ စာပို့အကြောင်းကြားခဲ့ပြီး နောက်ဆုံးအခြေအနေကို သိရှိစေရန် တောင်းခံခဲ့ကြောင်း၊ ထို့နောက် တောင်းခံရရှိလာသည့် အချက်အလက်များကို စိစစ်ပြီးနောက် အစီရင်ခံစာအနေဖြင့် တင်သွင်းခြင်းဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောကြားသည်။
“ဒီကိစ္စကို ကျွန်တော်တို့ အစီရင်ခံစာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြီးသွားပြီ။ လွှတ်တော်ဥက္ကဋ္ဌကနေ တစ်ဆင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ဆက်လက်တင်ပြမှာပေါ့။ ဒါကို အမြန်ဆုံးဖြစ်စေချင်တယ်။ ဒါကြောင့် မြို့နယ်မှာရှိတဲ့ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို စာပို့တယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေ သိရအောင် သူတို့ကို စာပို့တယ်။ ရလာတဲ့ အချက်အလက်တွေအပေါ် မူတည်စိစစ်ပြီး ဘယ်နေရာတော့ မဖြစ်သေးဘူး။ ဘယ်ဟာတော့ အများပြည် သူပိုင်လုပ်နေပြီ။ ဘယ်ဟာတော့ လုပ်နေဆဲ။ ဘယ်ဟာတော့ မလုပ်ရသေးဘူးပေါ့။ အဲဒီအချက်အလက်တွေနဲ့ မြို့နယ်အလိုက် Data အကြောင်းအရာတွေနဲ့ ကျွန်တော်တို့ အဲဒါတွေကို အစီရင်ခံစာအနေနဲ့ တင်တာပါ” ဟု ဦးခင်မောင်ဝင်းက ဆက်လက်ပြောကြားသည်။
“ဒီကိစ္စကို မဖြစ်ရင်လည်း ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဒီကိစ္စတွေက အစိုးရဘက်က လွယ်လွယ်ကူကူ လုပ်ရတဲ့ အပိုင်းရှိတယ်။ ခက်ခက်ခဲခဲလုပ်ရတဲ့ အပိုင်းတွေလည်းရှိတယ်။ ကျွန်တော်တို့က အချိန်တစ်ခုပေးပြီးတော့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို အောင်မြင်အောင် လုပ်မှာပါ။ ဒါ အရေးကြီးပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ကိစ္စ။ ပြည်သူလူထု ပိုင်တာတွေကို မတရားသဖြင့် သိမ်းထားတာတွေပေါ့”ဟု ဦးခင်မောင်ဝင်းက ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုအစီ ရင်ခံစာတင်သည့် အချက်အလက်များနှင့်ပင် ရပ်တန့်ထားမည်မဟုတ်ဘဲ လိုအပ်လာပါက အစီရင်ခံစာ ထပ်တင်သွားမည်ဟုလည်း ဦးခင်မောင်ဝင်းက ဆိုသည်။
Credit:Eleven Media Group