ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ထိုင်းအစိုးရက ဘတ်ငွေ သန်းပေါင်း ၁၀၀၀၀ ဆင်းရဲသားများကို ဝေငှရန်စီစဉ်လျက်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ အစီအစဉ်အရ ဆင်းရဲသားပြည်သူတစ်ဦးလျှင် ဘတ်ငွေ ၁၅၀၀ (မြန်မာငွေ ၅၅၂၀၀ ကျပ်ခန့်) မှ ၃၀၀၀ ( မြန်မာငွေ ၁၁၀၅၀၀ ကျပ်ခန့်) အကြား လူတိုင်းရရှိကြမည်ဖြစ်သည်ဟု ဆိုသည်။
အဓိကအားဖြင့် တစ်နှစ်ဝင်ငွေ ဘတ် တစ်သိန်း (မြန်မာငွေ ၃၆၈၀၀၀၀) အောက် နည်းပါးသည့် ဆင်းရဲသားများကို ဝေငှပေးမည် ဖြစ်သည်။
ယခင်စီမံထားခဲ့သော စီမံကိန်းတစ်ခုလည်းရှိရာ ၀င်ငွေနည်းသော ဆင်းရဲသားလယ်သမားများအား ဘတ်ငွေ သန်းပေါင်း ၆၀၀၀ ဝေငှပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါစီမံကိန်းအရ တစ်နှစ်ဝင်ငွေ ဘတ်သုံးသောင်း (မြန်မာငွေ ၁၁၀၅၀၀၀ )အောက် နည်းပါးသည့် လယ်သမားတိုင်း ဘတ်ငွေ ၃၀၀၀ ငွေသား ရရှိမည် ဖြစ်သည်။တစ်နှစ်ဝင်ငွေဘတ်သုံးသောင်းထက် ကျော်လွန်သော်လည်း ဘတ်တစ်သိန်းထက် မပိုသည့် လယ်သမားများမှာ ဘတ်ငွေ ၁၅၀၀ စီ ရရှိကြမည် ဖြစ်သည်။
ယခုစီမံကိန်းအရမူ အစိုးရ၏ database အချက်အလက်စာရင်းတွင် ၀င်ငွေတင်ပြထားသည့် ဆင်းရဲသားများကိုသာ ထုတ်ပေးမည်ဟု ဆိုသည်။
ထိုင်းအစိုးရက တစ်နှစ်ဝင်ငွေ ဘတ်တစ်သိန်းအောက် နည်းပါးသူတိုင်း database တွင် စာရင်းသွင်းထားရန် ကြိုတင်ဆော်သြထားခဲ့ပြီးလည်း ဖြစ်သည်။
လက်ရှိအားဖြင့် စာရင်းသွင်းထားသူပေါင်း ၈ သန်းရှိပြီး ၃ သန်းမှာ လယ်သမားများ ဖြစ်ကြသည်။
စာရင်းသွင်းထားသူများမှာ သက်ဆိုင်ရာအချက်အလက်များ မှန်ကန်မှုရှိ၊ မရှိကို ဘဏ္ဍာရေးဝန်ကြီးဌာနက အတည်ပြုစစ်ဆေး လျက်ရှိသည်။
အတည်ပြုပြီးပါက လယ်သမားနှင့် ဆင်းရဲသားတို့အား လက်ဆောင်အဖြစ် ငွေသားများ ဝေငှပေးမည်ဖြစ်ပြီး လူပေါင်း ၈သန်းခန့် ရရှိဖွယ်ရာ ရှိသည်။
ယင်းသို့ ငွေများဝေငှပေးခြင်းကြောင့် ပြည်သူလူထု၏ ၀ယ်နိုင်စွမ်းအား မြှင့်တင်ပေးနိုင်မည်ဖြစ်သည့်အပြင် တိုင်းပြည်စီးပွားရေးကိုလည်း မြင့်တက်စေမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)