ဗီယက်နမ်နှင့် ဥရောပအကြား ကျွန်းသစ်ကုန်သွယ်မှု သဘောတူညီချက်ရရှိခဲ့ကြောင်း ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
သစ်တောဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု (FLEGT- VPA) သဘောတူညီချက်ကို နိုဝင်ဘာလ ၁၈ ရက်တွင် ဟနွိုင်း၌ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါစာချုပ်သည် သစ်တောအုပ်ချုပ်ရေး ပိုမိုကောင်းမွန်လာစေရန်၊ တရားမ၀င်သစ်ထုတ်လုပ်မှုများကို ဟန့်တားနိုင်ရန်၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂအကြား တရားဝင်ကျွန်းသစ်ရောင်းဝယ်မှုကို မြှင့်တင်ပေးနိုင်မည်ဟု ရည်မှန်းထားသည်။
ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ငုယင်ရွှမ်ကောင်နှင့် ဥရောပသမဂ္ဂ သဘာဝပတ်ဝန်းကျင်မဟာမင်းကြီး ကာမီနူးဗယ်လာတို့က တရားမ၀င်သစ်ထုတ်လုပ်မှုကို ဟန့်တားစေပြီး တရားဝင်ထုတ်လုပ်ထားသည့် ကျွန်းသစ်ရောင်းဝယ်မှုကို အားပေးရန်အတွက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂသို့တင်ပို့မည့် ဗီယက်နမ်ကျွန်းနှင့် ကျွန်းသစ်ထုတ်ကုန်တို့သည် တရားဝင်ရင်းမြစ်များမှသာ ဖြစ်စေရန် ကြပ်မတ်သွားကြမည် ဖြစ်သည်။
ယခုသဘောတူညီချက်ရရန် ၆ နှစ်ခန့် ဆွေးနွေးခဲ့ရပြီးလာမည့် လအနည်းငယ်အတွင်း နည်းပညာပိုင်းဆိုင်ရာ ဖြည့်စွက်ချက်များကို ညှိနှိုင်းရေးမှူးများက အပြီးသတ်ဆွေးနွေးကြမည် ဖြစ်သည်။
“ဗီယက်နမ်နဲ့ ဥရောပသမဂ္ဂတို့ဟာ တရားမ၀င်သစ်ထုတ်လုပ်မှုကို ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်မှုတွင် သမိုင်းဝင် ပူးပေါင်းဆောင်ရွက်မှု ရရှိခဲ့တာပဲ ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ သဘာဝပတ်ဝန်းကျင်မဟာမင်းကြီး ကာမီနူးဗယ်လာက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)