မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် များ ထွန်းကားရာ ရှေးဟောင်းယဉ်ကျေး မှု မြို့တော်တစ်ခုဖြစ်သည့် မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် မြို့ ဟောင်းဟိုတယ်ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့၏ ခွင့်ပြု ချက်ဖြင့် မြေ ၁ ဒသမ ဝ၅ ဧက အကျယ် အဝန်းပေါ်တွင် ရှေးခေတ်ဗိသုကာ လက်ရာဟန်ဖြင့် တည်ဆောက်သွားမည့် ယင်းမြို့ဟောင်းဟိုတယ်တွင် အခန်းပေါင်း ၁၅ ခန်း ပါဝင်မည်ဖြစ်ကာ ခရီးသွား ဧည့်သည်များအနေဖြင့် နိုင်ငံတကာ အဆင့်မီ တည်းခိုနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဟိုတယ်ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။
ရှေးဟောင်းဘုရား စေတီပုထိုးများ ပေါများသည့် ပခန်းကြီးရှေးဟောင်း အမွေအနှစ်ဒေသသို့ စိတ်ပါဝင်စားသူ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လည်းလာရောက်လည်ပတ်လျက်ရှိသည်။ သို့သော်လည်း အခြားလည်ပတ်စရာ နေရာများကဲ့သို့ တည်းခိုစရာနေရာများ ပေါများမှုမရှိဘဲ ဒေသဖွံ့ဖြိုးရေးနောက်ကျ နေမှုကြောင့် အခက်အခဲများရှိခဲ့ရာမှ ယခုအခါ မြို့ဟောင်းဟိုတယ်ကို စတင် ဆောက်လုပ်နေပြီဖြစ်သည်။ ပခန်းကြီး မြို့ဟောင်းဒေသတွင် ပထမဦးဆုံး ပေါ်ပေါက်လာသော နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်ခုလည်းဖြစ်လာနိုင်ပေသည်။
ဟိုတယ်၏ ဝန်ဆောင်မှုအနေဖြင့် ကျေးလက်အငွေ့အသက်များ ပါဝင်သော ထန်းရွက်တဲများအပါအဝင် ရေကူးကန် နှင့် ပန်းဥယျာဉ်များပါဝင်မည်ဖြစ်ကာ မြန်မာ့ရိုးရာ ရုပ်သေးအကအလှများ ဖြင့် ညစဉ်ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။
ပခန်းကြီးမြို့ဟောင်းသည် ဧရာဝတီ နှင့် ချင်းတွင်းမြစ်တို့ ဆုံစည်းရာနေရာ တွင် တည်ရှိပြီး နိုဝင်ဘာလကုန် ဒီဇင် ဘာလဆန်းတွင် ယင်းဒေသ၏ သဘာဝ အမွေအနှစ်တစ်ခုဖြစ်သည့် မြစ်ဆုံနေရာ တွင် အရောင်မတူကွဲပြားသည့် ရေပြင် နှစ်ခု၏ သဘာဝအလှများစွာနှင့်အတူ နိုင်ငံပေါင်းစုံမှ မိုင်ပေါင်းများစွာက လာရောက်ပျော်ပါးကြသည့် ဆောင်းခို ငှက် များ၊ ကြိုးကြာ၊ စစ္စလီ၊ ရေကြက်နှင့် ဟင်္သာငှက်များ လာရောက်ကျက်စား နေသည်များကို လေ့လာနိုင်မည် ဖြစ်သည်။
အဆိုပါ ပခန်းကြီးမြို့ဟောင်းသည် ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ သည့် အထောက်အထားများတွေ့ရှိရာ နေရာတစ်ခုလည်းဖြစ်သည်ဟု ဆို သည်။
ယင်းဒေသသည် ကုန်းဘောင် ခေတ် တိုင်အောင် မင်းနေပြည်ဖြစ်ခဲ့သည့် အလျောက် ယခုအချိန်ထိတိုင် ပေ ၂ဝ ခန့်မြင့်မားသော မြို့ရိုးဟောင်းကြီးနှင့် ရှေးဟောင်းဘုရားစေတီများအတွင်းရှိ နံရံဆေးရေးပန်းချီများ၊ ရှေးဟောင်း ဘုရားစေတီပေါင်း ၃ဝဝ ကျော်နှင့် ပခန်း ကြီးရုပ်စုံကျောင်းတို့ကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအပြင် သဘာဝတောတောင်ရေမြေ ရှုခင်း များအားလေ့လာနိုင်သဖြင့် သွားရောက် လေ့လာသင့်သော ခရီးစဉ်ဒေသတစ်ခု ဖြစ်ကြောင်း သိရသည်။
Credit: MOI Webportal Myanmar