“ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်တဲ့ အခါမှာအစိုးရက မြေဈေးကို ကြပ်ကြပ်မတ်မတ် ထိန်းညှိပြီး စင်ကာပူနိုင်ငံလို မြေကို စနစ်တကျ တင်ဒါခေါ်ပြီး လုပ်ဆောင်သွားမှာပါ။ နိုင်ငံတော်က စနစ်တကျပဲ တာဝန်ယူလုပ်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ မြို့သစ်စီမံကိန်းကို ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တစ်ဖက်ကမ်းရှိ မြို့နယ်များဖြစ်သည့် တွံတေး၊ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်သုံး မြို့နယ်အတွင်းရှိ မြေဟက်တာ ၇၂၈၄ ပေါ် တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါခေါ်ယူခဲ့ရာ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ ရွှေပုပ္ပား အပြည်ပြည် ဆိုင်ရာ ဆောက်လုပ်ရေးနှင့် Business Capital City De-velopment Ltd တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ကို နှစ်အလိုက် တစ်ဆင့်ချင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင် ပြောကြားခဲ့သည်။
စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ဦးစားပေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ၊ အနာဂတ်ကာလတွင် တိုးပွားလာမည့် ရန်ကုန်မြို့တော်၏ လူဦးရေအတွက် အိမ်ရာများ၊ စက်ရုံ၊ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် လိုအပ်သောကြောင့် အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေ ဖြင့် အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်း အပြင် ရန်ကုန်မြို့၏ တောင်ဘက်တွင် ဆိပ်ကမ်းတည်ဆောက်ရန် လျာထားပြီး ယင်းစီမံကိန်းပြီးပါက အဆိုပါ ရန်ကုန်မြို့သစ်သည် အချက်အချာကျ သည့် နေရာဖြစ်လာနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က သုံးသပ် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာမျက်နှာ တွင် ဖော်ပြထားသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com