ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် Singha ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲ နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီက ဘတ်ငွေ၁၀ ဘီလီယံသုံး၍ လာမည့် ၂၀၁၇ ခုနှစ်အတွင်း အိမ်ရာများ ဆောက်လုပ်ရန် ရည်မှန်းထားကြောင်း ဘန်ကောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင်
ဖော်ပြသည်။
လူနေအိမ်ရာစီမံကိန်း ၆ ခုဆောက်လုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် အရေးပါသော ပလေယာဖြစ်လာစေရန် ရည်မှန်းထားသည်ဟု ဆိုသည်။
နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယခုစီမံကိန်းမှာ ကုမ္ပဏီတည်ထောင်ပြီးနောက်ပိုင်း အကြီးမားဆုံး စီမံကိန်း ဖြစ်သည်။
လုံးချင်းအိမ်များ၊ ရုံးခန်းများ၊ ကွန်ဒိုမီနီယံများကို တန်ဖိုးသင့်အဆင့်မှ တန်ဖိုးကြီးဇိမ်ခံအဆင့်အထိ ဆောက်လုပ်သွားမည်ဟု ဆိုသည်။
နိဗ္ဗာန်ဖွံ့ဖြိုးမှု၏ မိခင်ကုမ္ပဏီဖြစ်သော Singha Estate က ဆောက်လုပ်ရေးကုမ္ပဏီ Daii Group ၏ ရှယ်ယာ ဘတ်ငွေ ၃ ဒသမ ၄ ဘီလီယံဖိုး ၀ယ်ယူရန် ဆုံးဖြတ်ခဲ့လိုက်ပြီးနောက် နိဗ္ဗာန်ဖွံ့ဖြိုးမှုက ယခုခြေလှမ်းပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ဆောက်လုပ်မည့် စီမံကိန်း ၆ ခုအနက် ၂ ခုကို လာမည့် ၂၀၁၇ ခုနှစ်အတွင်း စတင်မည်ဖြစ်ပြီး ဘန်ကောက်မြို့ ၊ ကရုမ်ထဲ ကရီသားလမ်းမကြီးပေါ်တွင် တည်ရှိမည်ဖြစ်ကြောင်း နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဆွမ်ဆက် ဆွမ်ဝပ်တနာက ပြောကြားသည်။
၂၀၁၆ ခုနှစ်အစောပိုင်းတွင် Bangkok Land ကုမ္ပဏီထံမှ နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီက ၀ယ်ယူခဲ့သော ၂၄၀ ရိုင် အကျယ်အ၀န်းရှိ မြေနေရာကို တစိတ်တပိုင်းအသုံးပြု ဆောက်လုပ်သွားမည်ဟု ဆိုသည်။
နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီသည် ကျောက်ဖရားမြစ်အနီးရှိ ခါရိုး နက်ခေါန်လမ်းမကြီးပေါ်တွင် တန်ဖိုးကြီး ကွန်ဒိုမီနီယံ စီမံကိန်းတစ်ခုဆောက်လုပ်ရန်လည်း ရည်မှန်းထားပြီး ဘတ်ငွေ၆ဘီလီယံ ကုန်ကျမည်ဟု ဆိုသည်။
နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီက ဆောက်လုပ်မည့် အခြားစီမံကိန်းများမှာ ဘန်ကောက်မြို့အရှေ့ပိုင်းတွင် တည်ဆောက်မည့် ဘတ်ငွေ ၅ သန်းမှ ၁၀ သန်းခန့်ဖြင့် ရောင်းချနိုင်သည့် တန်ဖိုးသင့် လုံးချင်းအိမ်ရာစီမံကိန်းဖြစ်သည်။
နိဗ္ဗာန်ဖွံ့ဖြိုးမှုကုမ္ပဏီ၏ ၀က်ဘ်ဆိုက်လိပ်စာမှာ http://www.nirvanadevelopment.com/ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)