ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်များအတွက် အိမ်ရာအခန်းပေါင်း ၈၀၀၀ ကျော် ဆောက်လုပ်ရန်လျာထားပြီး လှိုင်သာယာမြို့နယ်တွင်လည်း ရပ်ကွက်သစ်တစ်ခု ဖော်ထုတ်ရန် မြေနေရာ ရှာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
‘ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျူးကျော်အဆောက်အအုံနေ ပြည်သူများ၏ ကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့သောအစီအစဉ်ဖြင့် ဆက်လက်စီမံဆောင်ရွက်မည်ကို သိရှိလိုကြောင်း’ ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကျူးကျော်များအတွက် ဆောက်လုပ်ရန်လျာထားမှုမှာ မြို့နယ်လေးခုတွင် အခန်းပေါင်း ၈၀၀၀ ကျော်ရှိကြောင်း၊ လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာတွင် အခန်းပေါင်း ၁၂၀၆ ခန်း၊ သန်လျင်အောင် ချမ်းသာတွင် အခန်းပေါင်း ၃၄၀၀၊ ဒဂုံဆိပ်ကမ်းတွင် အခန်းပေါင်း ၁၀၄၀၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် အခန်းပေါင်း ၂၃၀၀ ဖြင့် စုစုပေါင်း အခန်း ၈၀၀၀ ကျော် လျာထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒဂုံဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တွင် အခန်းပေါင်း ၂၂၀၈ ခန်းကိုလည်း ဆောက်လုပ်ပြီးစီးခဲ့ကြောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုသည်။ ထို့ပြင် လှိုင်သာယာမြို့နယ်၌လည်း ရပ်ကွက်သစ်တစ်ခု ဖော်ထုတ်ရန် မြေနေရာရှာဖွေထားကြောင်းနှင့် အရန်မြေနေရာအနေဖြင့် လှိုင်သာယာမှ တွံတေးဘက် သွားသည့်အခြမ်းတွင် မြေဧကတစ်သောင်းကျော် လျာထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီး တင်အောင်ထွန်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ယူခဲ့သော ကျူးကျော်ခန့်မှန်းစာရင်းအရ အိမ်ထောင်စု ၁၁၆,၉၇၅ စုရှိပြီး လူဦးရေအနေဖြင့် ၄၄၁,၆၄၆ ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အမှန်တကယ် နေထိုင်စရာမရှိ၍ ကျူးကျော်ခြင်းမဟုတ်ဘဲ စီးပွားရေးအတွက် ကျူးကျော်မှုများအား ကျူးကျော်ထားသည့် သတ်မှတ်မြေအလိုက် ဥပဒေအရ ရင်ဆိုင်ဆောင်ရွက်သွားရမည်ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များတွင် အစစ်အမှန် ကျူးကျော်သူများနှင့် စီးပွားဖြစ်ကျူးကျော်သူများဟူ၍ တွေ့ရှိခဲ့ကြောင်း၊ အစစ်အမှန်ကျူးကျော်သူများမှာ အမှန်တကယ်နေစရာမရှိဘဲ စာရင်းကောက်ယူထားသည့်အထဲတွင် ပါဝင်သည့်သူများဖြစ်ကြောင်း၊ ယင်းကျူးကျော်သူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် အကူအညီများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိမ်ရာများ အကောင်အထည်ဖော်ပါက ယင်းအဖွဲ့ကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်များကို စနစ်တကျ စာရင်းကောက်ယူမည်ဖြစ်ပြီး ၎င်းတို့၏ ဘ၀ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ပြုလုပ်သည့် ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားပြီးနောက်ပိုင်း ကျူးကျော်အသစ်များ တိုးလာခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group