အလုပ်အကိုင်တွေ မကောင်းသလို ၊ လုပ်ရကိုင်ရတာလည်း အရင်ကထက်ပိုကျပ်လာတယ် ဆိုပြီး စီးပွားရေး လုပ်ငန်းရှင်တွေ အသိုင်းအ၀ိုင်းက ကြားနေရပါတယ် ။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီးဖြစ်တဲ့ IMF ကလည်း စီးပွားရေး တုံ့ဆိုင်းရတဲ့ ပြသနာတွေထဲမှာ အထပ်မြင့်အဆောက်အအုံတွေနဲ့ ပက်သက်တဲ့ဆုံးဖြတ်ချက် တွေကြောင့် လို့ နိုဝင်ဘာလ ဒုတိယ အပတ်ထဲမှာ ထုတ်ပြန်ကြေညာခဲ့တာ အားလုံး လည်း အသိဖြစ်ပါတယ် ။
ဆောက်လုပ်ရေး လုပ်ငန်းက အခြားစီးပွားရေး လုပ်ငန်းတွေနဲ့ မတူဘဲ သူနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေက အများသားမို့ တစ်ခြားသော စီးပွားရေး လုပ်ငန်းတွေ ပါ လိုက်ပါ ကျဆင်းရတယ် လို့လည်း ပြောလာကြပါပြီ ။ အခုတော့ တော်တော်များများ စီမံကိန်းတွေ အဆင်ပြေ ချောမွေ့သွားပြီဆိုတဲ့ သတင်းကောင်းကြားရပေမယ့်လည်း ၆ လလောက် လုပ်ငန်းတွေကို ရပ်ထားလိုက်ရတဲ့ အတွက် ပြန်လည်အားယူနိုးထဖို့ အချိန်တော့ ပေးရအုံးမှာဖြစ်ပါတယ် ။
ဘတ်ဂျတ်လိုငွေပြနေတဲ့ ပြသနာတွေ ၊ ငွေဖောင်းပွမှုနှုန်းထားနဲ့ တရိပ်ရိပ်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း ပြသနာတွေ ၊ ဒေါ်လာဈေး မြင့်လာတဲံ့ ပြသနာ တွေ အပြင် ဈေးကွက်ထဲမှာလည်း အရောင်းသာရှိပြီးအ၀ယ်မရှိဘဲ ငွေပျောက်နေတဲ့ ပြသနာကလည်း စေ့စေ့စပ်စပ် တွေးခေါ်ကြည့်မယ် ဆိုရင် စီးပွားရေးလောက ကို ပြန်လည်ချိန်ညှိ ကယ်တင်ဖို့ အရေးတကြီးလိုလာပြီ ဖြစ်ပါတယ် ။ ထင်ရှားတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးကို ဆောက်လုပ်ရေး လောကမှာဘဲဖြစ်ဖြစ် စီးပွားရေး လောကမှာဘဲဖြစ်ဖြစ် အရောင်းအ၀ယ် မကောင်းဘူး လူတွေ မ၀ယ်နိုင်ကြလို့ ဘာကြောင့်မ၀ယ်နိုင်ရတယ် ဆိုတဲ့ အကြောင်း မေးကြည့်လိုက်တော့ သူပြန်ဖြေလိုက်တဲ့ အဖြေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ကျွန်တော်တို့ အသုံးအဆောင် ပစ္စည်းတွေ အားလုံးနီးပါးက ပြည်တွင်းထုတ် မဟုတ်ဘဲ ပြည်ပကနေ တင်သွင်းရလို့ ဒေါ်လာနဲ့ ပေးချေရတာ ဖြစ်တဲ့ အတွက် နေ့စဉ်စီးထွတ်နေတဲ့ ဒေါ်လာပမာဏ စီးကြောင်းကလည်း မသေးဘူးလို့ ဆိုပြန်တယ် ၊ ဒေါ်လာရနေတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေကလည်း ထင်သလောက် ဖြစ်ထွန်းမလာသေးတဲ့ အတွက် ဈေးကွက်ထဲမှာ ငွေဖောင်းပွမှုတွေ ဖြစ်လာသလို တစ်ဖက်မှာလည်း ပြည်သူတွေလက်ထဲမှာငွေမရှိတော့တဲ့ အတွက်ဝယ်နိုင်စွမ်းအား နည်းသွားတာလို့ သုံးသပ်ပြသွားပါတယ် ။
ဈေးကွက်စီးပွားရေး စနစ်အရ ဈေးကွက်ထဲမှာ ငွေပျောက်တယ်ဆိုတာ သီအိုရီအရ ၀ယ်နိုင်စွမ်းအားမရှိတော့တာ ဖြစ်နိုင်သလိုတစ်ဖက်မှာလည်း ၀ယ်နိုင်စွမ်းအား ရှိပေမယ့် ကိုယ်ဝယ်လိုက်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေ လက်ဝယ်ရောက်ပြီး ဈေးနှုန်းထိုးကျပြီး ဆုံးရှုံးမှာစိုးရိမ်ပြီး မ၀ယ်သေးဘဲထိုင်စောင့်နေတာလည်း ဖြစ်နိုင်ပါတယ် ။ သေချာတာတစ်ခုကတော့ ဈေးကွက် ပြန်တည်ငြိမ်လာရင် ပြန်ဝယ်လာကြမှာ ဖြစ်ပေမယ့် တည်ငြိမ်ဖို့ အတွက်အများကြီး ကူညီ လုပ်ဆောင်ပေးဖို့ လိုပါတယ် ။ တစ်ဖက်မှာလည်း အပြင်ကို စီးထွတ်နေတဲ့ ဒေါ်လာစီးကြောင်းကို ကာမိအောင် ပြည်ပကနေ ဒေါ်လာဘီလီယံနဲ့ ချီငွေထုတ်ပိုက်ပြီး
ရင်းနှီးမြုပ်နှံမယ့် သူတွေဝင်လာဖို့ တံခါးဖွင့်ပေးထားဖို့လည်းအရေးကြီးပါတယ် ။
တည်ငြိမ်တဲ့မူဝါဒတွေ ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေ အတွက် အာမခံချက်ရှိနိုင်တဲ့ ဥပဒေ တွေအပြင် နိုင်ငံတည်ငြိမ်မှု ရှိမှလည်း ရင်းနှီးမြုပ်နှံသူတွေ ငွေထုတ်ပိုက်ပြီး လာကြမှာဖြစ်ပါတယ် ၊အထပ်မြင့် အဆောက်အအုံ တွေတင်မဟုတ်ဘဲ ၊ အခြေခံအဆောက်အအုံ ဆောက်လုပ်တဲ့လုပ်ငန်းတွေ ၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းတွေ မှာ အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ တွေမှာ အင်တိုက်အားတိုက် ငွေထည့်ပြီး ရင်းနှီးမြုပ်နှံလာကြမယ် ဆိုရင်အနှေးနဲ့ အမြန်ဆိုသလို ဆောက်လုပ်ရေး ဈေးကွက်သာမက မြန်မာစီးပွားရေး တစ်ခုလုံး ပြန်ပြီး ဦးမော့လာမှာ သေချာပါတယ်။
မြန်မာတစ်နိုင်ငံလုံး မဆိုထားနဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေး မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မှာတောင် အခြေခံ အဆောက်အအုံတွေ အများကြီးလိုအပ်နေဆဲ ဖြစ်ပါတယ် ။ ထင်သာမြင်သာ ရှိတဲ့ ယာဉ်ကြောကျပ်တည်းမှု ပြသနာတွေ အတွက် နှစ်ထပ်လမ်းတွေ ၊ မိုးပျံလမ်းတွေ လိုအပ်နေဆဲဖြစ်သလို ၊ လမ်းဘေးဈေးသည်တွေ အတွက်အမှန်တကယ်အလုပ်ဖြစ်နိုင်မယ့် ဈေးတွေရှိဖို့လည်း အရေးကြီင်္းပါတယ် ၊ ရန်ကုန်မြို့မှာရှိတဲ့ သိန်းနဲ့ ချီတဲ့ကားတွေ အတွက် ကားပါကင်တွေ လိုအပ်နေဆဲဖြစ်ပါတယ် ၊ ဒီလို အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် ခိုင်မာတဲ့ ကတိက၀တ်တွေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေ ကို ခေါ်ယူလုပ်ကိုင်စေရမှာဖြစ်ပါတယ် ။
နိုင်ငံတော် အစိုးရတစ်ခုတည်းကနေ အခြေခံ အဆောက်အအုံတွေ အားလုံး အတွက် ရင်းနှီးမြုပ်နှံပြီး တည်ဆောက်ပေးဖို့ ဆိုတာ အင်မတန် ဖြစ်နိုင်ချေ နည်းပါတယ် ၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ မဆိုထားနဲ့ အမေရိကန်ပြည်ထောင်စု ၊ စင်ကာပူလို ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေ အတွက် အကျိုးတူ စနစ်နဲ့ ဖြစ်စေ ၊ တင်ဒါစနစ်နဲ့ ဖြစ်စေ ၊ BOT လို အလားတူ စနစ်မျိုးနဲ့ ဖြစ်စေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့် ပေးနေရဆဲဖြစ်ပါတယ် ။
ဆောက်လုပ်ရေး လုပ်ငန်းတွေ ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေဆိုတာ အခြားသော စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေ ၊ ၀န်ဆောင်မှု လုပ်ငန်းတွေ နဲ့ မတူညီဘဲ ငွေလည်ပတ်စီးဆင်းမှု ဖြန့်ဝေရာ အင်အား အကောင်းဆုံး လုပ်ငန်း ဖြစ်ပါတယ် ၊ အမေရိကန်နိုင်ငံမှာတောင် စီးပွားရေးပျက်ကပ်ကို သမ္မတအိုးဘားမား အစိုးရက ပြန်လည်ဆယ်တင်ဖို့ အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ နိုင်ငံအနှံ့မှာအများအပြား အကောင်အထည်ဖော်ပြီး စီးပွားရေးပျက်ကပ်က
နေရုန်းထွတ်ဖို့ လုပ်ခဲ့တာ အောင်မြင်ခဲ့ပါတယ် ။
တည်ဆောက်ရေး လုပ်ငန်း တစ်ခုရဲ့ နောက်ကွယ်မှာ သူ့ကိုမှီခို ဆက်စပ်နေတဲ့ လုပ်ငန်းပေါင်း များစွာ ရှိပေမယ့် အများစုကတော့ မြင်နိုင်ဖို့ ခက်ခဲပါတယ် ၊ တံတား တစ်စင်းဘဲ ဖြစ်ဖြစ် ၊ အထပ်မြင့် အဆောက်အအုံ တစ်ခု ဘဲဖြစ်ဖြစ် ဆောက်တော့မယ် ဆိုရင် လိုအပ်တဲ့ ဘိလပ်မြေ ၊ အဆင့်မှီသံချောင်းသံလုံးတွေကအစ ၊
ယန္တရားတွေအထိအသုံးချရတာဖြစ်ပါတယ် ။
အဆောက်အအုံ စီမံကိန်းတစ်ခု အလုပ်ဖြစ်ပြီ ဆိုရင် ဒီအဆောက်အအုံ အတွက် ဘိလပ်မြေ တင်သွင်းတဲ့ ကုမ္မဏီတွေ ၊ ယန္တရား ဌားရမ်း ရောင်းချတဲ့ ကုမ္မဏီတွေ ၊ ပိုင်လုပ်ငန်းလုပ်ကို်င်တဲ့ ကုမ္မဏီ တွေ ၊ဒီဇိုင်းဆွဲပေးရတဲ့ အာခီတက်လို့ခေါ်တဲ့ ဗိသုကာ လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္မဏီ တွေ အပြင် အင်ဂျင်နီယာ ၊ ပညာရှင် တွေနဲ့ နောက်ဆုံး အဆင့် အဆောက်အအုံ အတွက်လိုအပ်တဲ့ အုတ်သဲကျောက် အထမ်းသမား ထုတ်လုပ်သူ အဆုံး အလုပ်ဖြစ်ကြတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ် ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပါ အလုပ်ဖြစ်ကြပါတယ် ။
ဒါကြောင့် အဆောက်အအုံ တစ်ခု အလုပ်မလုပ်နိုင်တော့ဘူး ဆိုရင် သူနဲ့ ဆပ်စပ်နေတဲ့ လုပ်ငန်းတွေပါ ထိခိုက်သွားတာ ဖြစ်ပါတယ် ၊ ဒါတောင် မြန်မာနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းတွေက နိုင်ငံတကာလို ဘဏ်တွေဆီကအလုံးစုံ ငွေချေးလုပ်ကြတာ မဟုတ်တဲ့ အတွက် အဆိုးထဲက အကောင်းဆိုသလို နည်းနည်းလေး
ခုသာ ခံသာ ရှိနေတာဖြစ်ပါတယ်။ နိုင်ငံခြားမှာတော့ ဆောက်လုပ်ရေး လောက မှာ အရောင်းသာ ရှိ အ၀ယ်မရှိရင်တော့ ဘဏ်တွေ ဒေ၀ါလီခံ လိုက်ရပြီး ခွက်ဆွဲလိုက်ရတဲ့နိုင်ငံတွေ အများကြီး သာဓက အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ် ။
စီးပွားရေး တက်လာဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပေမယ့် ကောင်းနေတဲ့ စီးပွားရေး ကျဖို့ကလည်း ဆုံးဖြတ်ချက်ကလေး တစ်ခု မူဝါဒလေး တစ်ခု လောက် မှားတာနဲ့ ကျဖို့တာ သေချာသလောက် ရှိပါတယ် ပြန်လည် ပြု ပြင်မယ်ဆိုရင်တော့ တော်တော်များများကို ပြင်ရမှာဖြစ်ပါတယ် ၊ ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်တွေကိစ္စ ၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးကိစ္စ၊ သောက်သုံးရေလုံလောက်စွာ ရရှိရေးပြသနာ ၊ ရေစီးရေလာကောင်းမွန်ရေး အမှိုက်များ နိုင်နင်းအောင် သိမ်းဆည်းရေး အတွက် လိုအပ်လျက်ရှိတဲ့ ပြန်လည်၊ စက်မှုဇုန်များ ပြန်လည်ဖွံ့ဖြိုးရေးကိစ္စ၊ မြို့သစ်များ၏ အခြေခံအဆောက်အအုံများ အဆင်မြှင့်တင်ပေးရန် ကိစ္စ၊ ကျူးကျော် ပြသနာတွေကို အရေး တကြီးဖြေရှင်းပေးဖို့လိုပါပြီ ၊ လက်ရှိ အစိုးရအနေနဲ့လည်း အကောင်းဆုံး အတက်နိုင်ဆုံး ဖြေရှင်းပေးနေတာတွေတော့ ရှိပါတယ် ။
လက်ရှိ ရန်ကုန်ရဲ့ လူဦးရေ အနေအထားအရ ခေတ်နောက်ကျနေတဲ့ မြို့ပတ်ရထားပို့ဆောင်ရေးစနစ်တွေ ကို အလုပ်ဖြစ်အောင် ပြန်ပြင်ဖို့ လိုအပ်နေဆဲဖြစ်သလို ၊ လျှပ်စစ်ဓတ်အား လိုင်းတွေ ခေတ်အဆက်ဆက်မှာ အဆင်ပြေသလို ဆွဲထားတဲ့ ကိစ္စတွေကို လည်း ပြန်လည်ပြီး စနစ်တကျ ဖြစ်အောင် လုပ်ဖို့လိုပါတယ် ၊ သောက်သုံးရေ အလုံအလောက်ရဖို့ အတွက်လည်း ရေသန့်စင်စက်ရုံတွေကို အများအပြား ဆောက်ဖို့ လိုသလို ၊ မြို့ပျက်ကြီးလို ဖြစ်လုနီးပါးဖြစ်နေတဲ့ ရန်ကုန်မြို့ရဲ့ CBD လို့ခေါ်တဲ့ မြို့လယ်ကောင် မှာ လူတွေစုပြုံတိုးဝှေ့နေရဆဲဖြစ်တဲ့ ပြသနာတွေ အတွက်လည်း မြို့သစ်တွေ အများကြီးတည်ဖို့လိုပါတယ် ၊။
အစိုးရနဲ့ ရင်းနှီးမြုပ်နှံမယ့် ပြည်တွင်းပြည်ပ က developer တွေ အကြားမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မယ့် ကတိက၀တ်တွေနဲ့ ပူးတွဲ လုပ်ကိုင်ဖို့ အချိန်လည်း ရောက်ပြီလို့ ထင်မြင်ယူဆပါတယ် ။ ရင်းနှီးမြုပ်နှံသူတွေ အတွက် လုပ်ချင်ကိုင်ချင်တဲ့ စိတ်တွေ ဖြစ်လာဖို့ အတွက် ဆွဲဆောင်မှု တွေ အဖြစ် မူဝါဒကောင်းတွေ ၊ ကတိက၀တ် တွေ ၊ အာမခံချက်တွေ ၊ ဥပဒေ တွေ ပြဌာန်းပြီး ဖိတ်ခေါ်ဖို့လိုပါတယ် ။ ဒေသတွင်းနိုင်ငံတွေနဲ့ အပြိုင်အဆိုင် fdi တွေကိုဖိတ်ခေါ်ရတာဖြစ်တဲ့ အတွက် သူများထက်သာတဲ့ အခွင့်အရေး ကိုပေးနိုင်ဖို့တော့လိုပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com