အရှေ့အလယ်ပိုင်းဒေသ၊ အိုမန်နိုင်ငံတွင် ကန်ဒေါ်လာ ၂၀ ဘီလီယံခန့်အထိ သုံးစွဲကာ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လမ်းများချဲ့ထွင်ခြင်း၊ ပင်လယ်ကွေ့နိုင်ငံများအားလုံးဆက်သွယ်ပေးမည့် ရထားလမ်းအခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းတို့ ပါဝင်သည်။
ယခုစီမံကိန်းမှာ အလွန်ကြီးမားကျယ်ပြန့်လှရာ ၁၅ နှစ်ခန့် အချိန်ယူအကောင်အထည်ဖော်ရမည့် စီမံကိန်းကြီးဖြစ်သည်။
လမ်းဖောက်လုပ်ရေးစီမံကိန်း ၄၉ ခု လျာထားထားပြီး ကန်ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
ခုံးကျော်တံတားများ၊ လမ်းဆုံအ၀ိုင်းများ၊ မြေအောက်လှိုဏ်ခေါင်းများ ပါဝင်မည်ဖြစ်သည်။
လမ်းဆုံဆောက်လုပ်ရမည့် စီမံကိန်းမှာ ၇ ခုရှိပြီး ကန်ဒေါ်လာ ၁၉ ဒသမ ၄ သန်းခန့် ကုန်ကျမည် ဖြစ်ကာ လက်ရှိအားဖြင့် အကောင်အထည်ဖော်လျက်ရှိနေပြီ ဖြစ်သည်။
အဓိကအားဖြင့် အိုမန်အစိုးရသည် စီမံကိန်းကြီးပေါင်း ၁၀ ခု အကောင်အထည်ဖော်ရန်စီစဉ်ထားပြီး အိုမန်လမ်းမများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)