Die Hard ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သည့် ဟောလိဝုဒ်သရုပ်ဆောင် ဘရုစ်ဝီလီသည်အိုင်ဒါဟိုပြည်နယ်ရှိနေအိမ်ကို ခြောက်ကြိမ်တိုင် ဈေးနှုန်းလျှော့ချကာ အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းခန့်ဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီးနောက်ပိုင်း ရောင်းမထွက် သောကြောင့် ဈေးကွက်မှ ပြန်ရုပ်သိမ်းခြင်း၊ ဈေးနှုန်းလျှော့ချကာ ဈေးကွက်သို့ ပြန်တင်ခြင်း၊
ပြန်ရုပ်သိမ်းခြင်းများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။
၂၃ ဧကခန့်အထိ ကျယ်ဝန်းသည့် ယင်းခြံဝန်းကြီးနှင့် နေအိမ်ကြီးကို ယခုနောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၆ ဒသမ ၄၉၉ သန်းဖြစ်ရာ ဈေးကွက်စတင်စဉ်ကအောက် ထက်ဝက်ပင် မရှိတော့ချေ။ဘရုစ်ဝီလီသည် အဆိုပါနေအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ပင်မနေအိမ်မှာ ၈၄၀၀ စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်း ၆ ခန်းပါဝင်သည့်အပြင် ရေကန်များနှင့် စမ်းချောင်းများလည်း ပါဝင်သည်။
ဘရုစ်ဝီလီသည် နေအိမ်ကို ၀ယ်ယူခဲ့ပြီးနောက် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ပြီး ဧည့်ဂေဟာဆောင်နှင့် အားကစားခန်းမတို့ ဖြည့်သွင်းခဲ့သည်။
ယင်းနေအိမ်ရှိရာဒေသတွင် အချိန်ပေးနေထိုင်နိုင်ခြင်းမရှိတော့သောကြောင့် ပြန်လည်ရောင်းချရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဘရုစ်ဝီလီသည် အိမ်ခြံမြေများစွာပိုင်ဆိုင်ထားပြီး ယခုနေအိမ်မှာ သူ၏နေအိမ်များစွာအနက် တစ်ခုသာဖြစ်လေသည်။
မန်ဟက်တန်၊ ဘက်ဖို့ဒ်နှင့် လော့စ်အိန်ဂျလိတို့တွင် နေအိမ်များစွာ ပိုင်ဆိုင်ထားသည်။
အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးကျဆင်းသည့် အချိန်နှင့် ရင်ဆိုင်ရလျက်ရှိခြင်းကြောင့် အလွယ်တကူရောင်းမထွက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘရုစ်ဝီလီကို ဂျာမနီနိုင်ငံအနောက်ပိုင်းတွင် ၁၉၅၅ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် မွေးဖွားသည်။
နာမည်ကျော်သရုပ်ဆောင်မင်းသမီး ဒီမီမိုးနှင့်လက်ထပ်ခဲ့သည်။
Die Hard ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
ထင်ရှားသည့်ဇာတ်ကားများမှာ Armageddon (1998) ၊ The Sixth Sense (1999)၊ The Expendables (2010)နှင့် G.I. Joe: Retaliation (2013)
တို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)