မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေအရ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတွေကို ဖွဲ့စည်းပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ နိုဝင်ဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ် ။
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အောက်မှာ ကျောက်ဖြူ ၊ သီလဝါ ၊ ထားဝယ်စတဲ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီတွေကို ထပ်မံဖွဲ့စည်းထားပါတယ် ။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှာ ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဝင်းက ဥက္ကဌအဖြစ် တာဝန်ယူကာ အဖွဲ့ဝင် ၁၂ ယောက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ် ။ သီလဝါအထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို မြန်မာနိုင်ငံဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင်က ဒုဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါတယ် ။
ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ဥက္ကဌအဖြစ် တာဝန်ယူရမှာဖြစ်ပါတယ် ။
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က ၂၀၁၄ ခုနှစ် ၊ မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေ အခန်း (၅) ၊ ပုဒ်မ (၉) ၊ ပုဒ်မခွဲ(က) အရ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတွေကို ဖွဲ့စည်းခြင်း ဖြစ်တယ်လို့ သိရပါတယ် ။ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီတွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေမှာ ပါဝင်တဲ့ စီမံခန့်ခွဲမှု ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ် ။
စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌဟာ ဗဟိုအဖွဲ့မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တာဝန်ခံရမှာ ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုကော်မတီရဲ့ လုပ်ငန်းတာဝန်တွေမှာ အချက် ၂၁ ချက်ရှိပါတယ် ။
Credit: The Modern