ဗြိတိန်နိုင်ငံ၊ လန်ဒန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၆၀က ဆောက်လုပ်ခဲ့သည့် အဏုမြူဒဏ်ခံ အဆောက်အအုံကြီးကို ပေါင် ၃ သန်းဖြင့် ရောင်းချလိုက်ကြောင်း လန်ဒန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါ အဆောက်အအုံကို ဖန်အိမ်ဟု လူသိများပြီး ယခင်ခေတ်က နာမည်ကျော်ခဲ့သော မှန်နံရံများဖြင့် မွမ်းမံဆောက်လုပ်ထားခြင်းကို အစွဲပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။
ဗြိတိန်အစိုးရက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အုတ်ဖြင့် ဆောက်လုပ်ထားကာ လန်ဒန်မြို့ဆင်ခြေဖုံး၊ ချီစလေဟတ်စ်အရပ်တွင် တည်ရှိသည်။
ရိက္ခာ၊ လောင်စာနှင့် ဆက်သွယ်ရေးစနစ်များအတွက် မီးအားပေးစက်တို့ ပါဝင်သည်။
ယခုအခါတွင် နောက်ဆုံးပေါ်အသံစနစ်၊ အိမ်တွင်းရေကူးကန်၊ စံမှီ ညစာစားခန်းတို့ ဖြည့်သွင်းမွမ်းမံထားသည်။
ဝယ်ယူမည့်ဝယ်လက်အနေဖြင့်မူ အဏုမြူဒဏ်ခံသည့်စွမ်းရည်
ရနိုင်တော့မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုလျှင် ရောင်းချမည့်အိမ်ရှင်က အဆိုပါအဆောက်အအုံကို ဇိမ်ခံလူနေအိမ်အဖြစ် ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်သည်။
ယင်းအဆောက်အအုံကြီးသည် လန်ဒန်မြို့ ၀န်းကျင်ဒေသအတွင်း ကွပ်ကဲရေးဌာနလေးခုအနက် တစ်ခု အပါအ၀င်ဖြစ်ခဲ့သည်။
၁၉၅၁ ခုနှစ်၊ စစ်အေးခေတ်အရှိန်မြင့်နေစဉ် ကာလအတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ရုရှားတို့က အဏုမြူလက်နက်ဖြင့် တိုက်ခိုက်လာမည့် ကမ္ဘာပျက်နေ့ကြီးကို မှန်းဆရည်ရွယ်ကာ ကွန်ကရစ်နံရံများ၊ လေထုသန့်စင်စနစ်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အိမ်ခေါင်မိုးပေါ်တွင် လေကောင်းလေသန့်ရသည့် လသာဆောင်ပါဝင်သည်။
ယခုရောင်းချမှုတွင် ရောင်းချသူ၏ အမည်နာမကို ထုတ်ဖော်ကြေညာခြင်းမရှိချေ။
အဆောက်အအုံကို ဇိမ်ခံနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံရန်အတွက်
နှစ်နှစ်ခန့် အချိန်ယူခဲ့ရသည်ဟု ဆိုသည်။
အလွန်ထူထဲလှသော နံရံကို ဖောက်ကာ ပြတင်းများ၊ တံခါးပေါက်များ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
၁၉၅၀ ပြည့်လွန်ကာလများ၏ စစ်ဘက်နည်းပညာ၏ နေရာတွင် အီလက်ထရောနစ် ထိန်းချုပ်လိုက်ကာများ၊ ပြတင်းများ၊ အဆင့်မြင့်အသံစနစ်များဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)