ဟာသ သရုပ်ဆောင် ဘော့ပ်ဟုပ်၏ ပန်းကန်ပြားပျံ အာကာသယာဉ်အသွင် ဆောက်လုပ်ထားသောနေအိမ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ သဲကန္တာရ အပန်းဖြေစခန်းမြို့ ပန်မ် စပရင်းတွင် စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းထွက်သွားပြီဖြစ်ကြောင်း နယူးဇီလန်အခြေစိုက် ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အာကာယာဉ်ပုံအဆိုပါနေအိမ်ကြီးကို နာမည်ကျော် မော်ဒန်ဗိသုကာပညာရှင် ဂျွန်လော့တ်နာက ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၎င်းဒီဇိုင်းရေးဆွဲခဲ့သောနေအိမ်များတွင် အကြီးမားဆုံးဖြစ်သည်။
အရောင်းအ၀ယ်ဖြစ်ခဲ့သည့် ဈေးနှုန်းကိုမူ ထုတ်ဖော်ကြေညာခဲ့ကြခြင်း မရှိချေ။
သို့ရာတွင် ဘော့ပ်ဟုပ်သည် မကြာသေးမီကပင် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၂၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
ဘော့ပ်ဟုပ်သည် ၁၉၄၀ မှ ၁၉၇၀ ပြည့်လွန်ကာလများအကြား အော်စကာဆုပေးပွဲပေါင်း ၁၉ ပွဲ ကျင်းပရာတွင် ပါဝင်ကူညီခဲ့သူဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် သမားရိုးကျမဟုတ်သော နေအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် နာမည်ကျော်ဗိသုကာပညာရှင် မစ္စတာ လော့တ်နာကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။
ပန်းကန်ပြားပျံပုံနေအိမ်ကို ကွန်ကရစ်၊ စတီး၊ ဖန်များဖြင့် တည်ဆောက်ခဲ့ပြီး စတုရန်းပေ ၂၃၀၀၀ ခန့် ကျယ်ဝန်းသည်။
အမိုးကို ကြေးနီအမိုးခုံးဖြင့် မိုးထားပြီး အနီးရှိတောင်တန်းများနှင့် ပန်မ် စပရင်းမြို့ကလေးကို အပေါ်စီးမှ ကောင်းစွာတွေ့မြင်ရသည်။
နေအိမ်အတွင်း အိပ်ခန်း ၁၀ ခန်းနှင့် ရေချိုးခန်း ၁၀ ခန်းအထိ ပါဝင်သည်။
ယင်းနေအိမ်ကို ၀ယ်လက်ပေါင်း ၆၀ ဦးခန့် လာရောက်ကြည့်ရှုခဲ့ကြ
နာမည်ကျော်ဖက်ရှင်ကုမ္ပဏီ Louis Vuitton သည် ယင်းနေအိမ်ကြီးကို ငှားရမ်းကာ ၂၀၁၅ ခုနှစ်၊ မေလအတွင်း ဖက်ရှင်ပြပွဲတစ်ခု ကျင်းပခဲ့ဖူးသည်။
နှစ်ပေါင်းများစွာကာလအတွင်း အဆိုပါနေအိမ်ကြီးသည် အရောင်းဈေးကွက်သို့ အ၀င်၊ အထွက်အလွန်များခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းဈေးကွက်တင်သော်လည်း ရောင်းမထွက်ခဲ့သည့်နောက်ပိုင်း ခေါ်ဈေးမှာ တစ်စထက်တစ်စ လျှော့ကျလာခဲ့သည်။
ကန်ဒေါ်လာ သန်း ၅၀ မှ ၃၅ သန်း၊ ထိုမှတဆင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ခေါ်ဈေး ၂၅ သန်းအထိ ကျဆင်းသွားခဲ့သည်။
ဘော့ပ်ဟုပ်သည် ၂၀၀၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီဖြစ်သည်။
၎င်း၏ ဇနီးဖြစ်သူ ဒိုလိုရက်စ်မှာ ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ၎င်းတို့မှာ နေအိမ်၏ နောက်ဆုံးပိုင်ရှင်များပင် ဖြစ်သည်။
ယခုအရောင်းအ၀ယ်တွင် ၀ယ်လက်၏ အမည်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းမရှိသော်လည်း အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း အတည်ပြုထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)