ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကငှားရမ်းထားတဲ့ မြေနဲ့ ဆိုင်ခန်းငှားရမ်းခ ၊ အဆောက်အအုံငှားရမ်းခတွေကိုအသေးစိတ်သိလိုတယ်လို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာကျောက်တံတားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကမေးမြန်းပါတယ် ။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ‘ဒီငှားရမ်းခတွေက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာဆိုကျပ်သန်းပေါင်း ၂၀,၀၀၀ ကျော်ရရှိလို့ တိုင်းဒေသကြီးရဲ့ အကြီးဆုံးရန်ပုံငွေလဲ ဖြစ်ပါတယ် ၊ နှစ်ရှည်မြေငှားရမ်းလတွေနဲ့ပတ်သက်ပြီး ၂၀၁၄ - ၂၀၁၅ စာရင်းစစ်ချုပ် အစီရင်ခံစာမှာလဲမြေငှားရမ်းတာတွေက နိုင်ငံတော် နစ်နာမှုတွေနဲ့ ပတ်သက်ပြီးထည့်သွင်းစဉ်းစားဖို့ပါရှိပါတယ် ၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ ပွင့်လင်းမြင်သာစွာသိဖို့ အဆောက်အအုံငှားရမ်းခတွေကိုမေးမြန်းရတာဖြစ်တယ်’ လို့ ပြောပါတယ် ။
စည်ပင်သာယာရေးကော်မတီကသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာမြေနဲ့ ဆိုင်ခန်း ၊ အဆောက်အအုံ ၊ အနှေးယာဉ်နဲ့ ယာဉ်ယန္တရားများငှားရမ်းခ ၊ ကြော်ငြာဆိုင်းဘုတ်နဲ့ ရေမီတာငှားရမ်းခစုစုပေါင်းကျပ်သန်း ၁၉,၇၅၃ ကျော်ရရှိခဲ့ပါတယ် ။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ‘၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် သာမန်စာရင်းမှာကျပ်သန်း ၁၉,၇၅၃ ကျော်ရရှိခဲ့တာမှန်ပါတယ် ၊ ဒီစာရင်းဇယားအသေးစိတ်ကိုလဲ လွှတ်တော်ရုံးကိုပေးပို့ထားပြီးအစိုးရရဲ့ စာရင်းတွေက ပြည့်သူ့သွေတွေကို ပြည်သူအတွက် ပြန်သုံးရတာ ဖြစ်လို့ ဘာမှ ထိန်ချန်စရာမရှိဘူး’ လို့ ပြော်ပါတယ် ။
စာရင်းအသေးစိတ်တွေကိုသိရှိလိုရင် လွှတ်တော်ရုံးမှာပေးပို့ထားပြီးနောက်ထပ်သိချင်တာတွေရှိရင်လည်းထပ်မံပေးပို့ပြီးမေးမြန်းနိုင်တယ်လို့ ဦးမောင်မောင်စိုးကဆက်ပြောပါတယ် ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းတွေ ဖြစ်တဲ့ ပုလဲကွန်ဒို ၊ ယုဇနနဲ့ အောက်မင်္ဂလာအဝေးပြေးတည်ဆောက်ရေးနဲ့ ဆင်မလိုက် အဆင့်မြင့်အိမ်ရာတွေကိုလည်းအသေးစိတ် စိစစ်ပေးမယ်လို့ သိရပါတယ် ။
စည်ပင်သာယာရေးကော်မတီအခွန်ဌာနနဲ့ ဟံမြင့်မိုရ်ဆောက်လုပ်ရေးကော်မတီတို့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာအကျိုးတူဆက်စပ်လုပ်ငန်းဆောက်လုပ်မှုကဒေသတွင်းဈေးနှုန်းထက် ပိုမိုတွက်ချက်တာနဲ့ တွက်ချက်မှုမှားယွင်းတာတွေ ကျပ် ၁၆၄ သန်း နိုင်ငံတော်ကနစ်နာခဲ့တယ်လို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆင်မလိုက်အဆင့်မြင့်အိမ်ရာ စီမံကိန်းကနေ တိုက်ခန်းတွေ စတင်ရောင်းချခဲ့ပြီး တိုက်ခန်းတစ်ခန်းစာတန်ဖိုး ကျပ် ၅၅သန်း နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်နေတယ်လို့ သိရပါတယ်။
Credit: Kumudra