ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ အုတ်သယ် မဆလာ ထမ်းအလုပ်ကြမ်းသမား ကိုအံ့ကျော်တစ်ယောက် ခေါင်းငိုက်စိုက်ပြီး အိမ်အပြန်လမ်းကိုလေးတွဲ့တဲ့ ခြေလှမ်းတွေနဲ့ ပြန်လာခဲ့ရပါပြီ ၊ လေးတွဲ့တဲ့ ခြေလှမ်းတွေနဲ့ အတူ သူ့ခေါင်းထဲမှာလည်း ရှုပ်ထွေးမှု ပေါင်းစုံ နဲ့ အိမ်သူ သက်ထားဇနီးမယား နဲ့ မိသားစုကို ဘယ်လို မျိုးပြန်ပြောပြရမလဲ ၊ နောက်ပိုင်းရက်တွေမှာ မိသားစု ဘ၀ကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတဲ့ စိုးရိမ်သောကတွေ အပြည့်နဲ့ပေါ့ ။
ဆောက်လုပ်ရေး ဆိုဒ်က ကန်ထရိုက်တာဆီမှာ ညနေအလုပ်သိမ်းလို့ လုပ်အားခ ငွေထုတ်အပြီးမှာ သူတို့ အလုပ်သမားတွေကို အလုပ်သမားခေါင်းကတဆင့် ပြောလိုက်တဲ့စကားကတော့ အခြေအနေ အကြောင်းကြောင်းကြောင့် သူတို့အခုအလုပ်လုပ်နေတဲ့ လုပ်ငန်းခွင် ရပ်ဆိုင်းထားရတော့မှာဖြစ်တဲ့ အတွက် နောက်နေ့ အလုပ်လာဆင်းစရာ မလိုတော့ဘူး ၊ လိုအပ်ရင် ပြန်ဆက်သွယ်ပြီးခေါ်လိုက်ပါမယ့် ဆိုပြီး နှုတ်ဆက်စကားကတော့ အိမ်ထောင်ဦးစီး ကိုအံ့ကျော်အပြင် သူ့ကို မှီခိုနေတဲ့ မိသားစု အတွက်ကတော့အိမ်မက် ဆိုးတစ်ခုဆိုတာ သေချာပါတယ် ။
သားတစ်ယောက် သမီးတစ်ယောက် ၊ အိမ်သူသက်ထား နဲ့ သူအပါအ၀င် အေေးအေးဆေးဆေး မရှိမရှား ဘ၀ကလေးအဖြစ် တည်ဆောက်ထားတဲ့ မိသားစု ဘ၀မှာ သူအလုပ်ပြုတ်သွားတဲ့ အတွက် အလွန်အင်အားပြင်းတဲ့ မြေငလျင်တစ်ခု လှုပ်လိုက်သလို ခါယမ်းသွားတာ တော့ သေချာပါတယ် ။ ပုံမှန်အလုပ်ကလေး လုပ်ပြီး ငွေကြေးအသင့်အတင့် စုဆောင်းမိရင် ရွာပြန်အလုပ်လုပ်မယ်လို့ စိတ်ကူးထားတဲ့ သူ့ရဲ့ စိတ်ကူးကမ္ဘာလေးလည်း ရိုက်ချိုးခံလိုက်ရပါပြီ ။
သူတို့မိသားစု ဘ၀လေး ရဲ့ အခြေတည်ရာ ကျုးကျော်တန်းလျားမှာတော့ သူပြန်လာမှ ပါလာတဲ့လုပ်အားခ နဲ့ ဆန်ဝယ်ထမင်းချက်ရမယ့် သူ့မိန်းမကလည်း လည်တဆန့်ဆန့် နဲ့ မျှော်နေမှာကို မြင်ယောင်ရင်း စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းကို အခါခါ ချမိပါရဲ့ ။ အဖေ အပြန်ကို မျှော်နေမယ့် သားနဲ့ သမီးကို နေ့တိုင်းပေးနေကျ မုန့်ဖိုးလေး အလုပ်ပြုတ်ပြီးနောက်ပိုင်းပေးနိုင်ပါ့မလား ၊ မပေးနိုင်ခဲ့ရင် ဘယ်လို ချွေးသိပ်ရမလဲဆိုတာကလည်း အဖြေမဲ့နေဆဲပါ။
သူအလုပ်လုပ်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က စည်းကမ်းချက်နဲ့ ကိုက်အောင် ဆောက်ထားလား မဆောက်ထားလား ဆိုတာ သူမသိပေမယ့် သေချာတာကတော့ သူအလုပ်ပြုတ်သွားပြီဖြစ်တဲ့ အတွက် နောက်အလုပ်တစ်ခုကို မဖြစ်မနေ အမြန်ဆုံး စားဝတ်နေရေး အရ ရှာရတော့မှာ ဖြစ်ပါတယ် ။
မဟာရန်ကုန်မြို့တော်ကြီးမှာ ပညာအရည်အချင်းအားနည်းခဲ့တဲ့ သူလိုဆောက်လုပ်ရေးအလုပ်ကြမ်းသမား တစ်ယောက်အတွက် အဆင်ပြေနိုင်မယ့် အလုပ်အကိုင်သစ်ရဖို့ကလည်း သိပ်တော့မလွယ်ကူလှပါဘူး ။
မူဝါဒတွေ ၊ စည်းကမ်းနဲ့ ညီမညီ ဆောက်တာ မဆောက်တာ သူနားမလည် ပေမယ့် သူနားလည်လိုက်တာကတော့ လောလောဆယ် ကန်ထရိုက်က အလုပ်မပေးနိုင်တော့လို့ သူတို့ အလုပ်ပြုတ်သွားတယ်လို့ဘဲ သူနားလည် လိုက်ပါတယ် ၊ သူလိုဘ၀တူ အလုပ်သမားတွေရဲ့ ငြီးတွားသံတွေကို နေ့စဉ်ကြားနေရပေမယ့် တောင်မင်းကို မြောက်မင်း မကယ်နိုင်ဆိုသလို တစ်နေ့လုပ်တစ်နေ့စား သူတို့ အတွက်ကတော့ ထွတ်ပေါက်က အင်မတန်ကျဉ်းပါတယ် ။
ပညာအခြေ ခံအားနည်းတဲ့ သူလိုလူအတွက် ပုံမှန်အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ လုပ်ငန်းသစ်တစ်ခုပြောင်းလုပ်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး ၊ ပြောင်းလုပ်ခွင့်ရမယ် ဆိုရင်တောင် အလုပ်အကူးအပြောင်းကာလ မှာ ကြုံရမယ့် အခက်အခဲတွေ အပြင် စားဝတ်နေရေး ပြသနာတွေ ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာလည်း ကိုအံ့ကျော်လို ဘ၀တူ အလုပ်သမားတွေ အတွက် အဖြေမရှိတဲ့ ပုစ္စာ တစ်ခု လို ရင်ဆိုင်ရမှာဖြစ်ပါတယ် ။
နာဂစ်မုန်တိုင်းဖြစ်လို့ ဧရာဝတီ တိုင်းမှာ အလုပ်အကိုင်တွေ မကောင်းတဲ့ အတွက် ရန်ကုန်မှာ ရရာ အလုပ်လုပ်မယ် ဆိုပြီး တက်လာတဲ့ ကိုအံ့ကျော် အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်ကြမ်းသမားအဖြစ် လုပ်ခဲ့တာ အခုဆို ရှစ်နှစ်ကျော် ကိုးနှစ်အတွင်း သို့ ရောက်ခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်းမှာဘဲ သူလို အလုပ်ကြမ်းအတူအလုပ်လုပ်ခဲ့တဲ့ အိမ်သူနဲ့ အကြာင်းပါခဲ့ရတာဖြစ်ပါတယ် ။
ပညာအရည်အချင်း နိမ့်ပါးပေမယ့် ရိုးသားပြီး အလုပ်ကြိုးစားတဲ့ ကိုအံ့ကျော်ကို ကန်ထရိုက်တာက လုပ်ငန်းခွင် တစ်ခုပြီးတိုင်း နောက်ထပ် လုပ်ငန်းခွင်သစ်ဆီကို ခေါ်ခေါ်ပြီး ဆက်လက်လက်တွဲ သွားလို့ အခုဆိုရင် အိမ်ထောင်ကျပြီး သားတစ်ယောက် သမီးတစ်ယောက် ထွန်းကာတဲ့ အထိ အလုပ်နဲ့ လက်မပြတ်တဲ့အတွက် သူတို့ဘ၀မှာ အချောင်အလည် ကြီးမဟုတ်တာတောင် အဆင်ပြေတဲ့ အနေအထား လေးတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ် ။
နှစ်ပေါင်းများစွာ ဆောက်လုပ်ရေးလောကမှာ ကျင်လည် ကျက်စားခဲ့ပြီး အသက်ဆက်ရှင်သန်နေရတဲ့ တစ်နေ့လုပ်တစ်နေ့စား ကိုအံ့ကျော်လို လူမျိုးတွေလည်း ရန်ကုန်မှာ ထုနဲ့ထေး အများကြီးရှိသလို သူတို့တွေကို မှီခိုအားထားနေရတဲ့ မိသားစု ၀င်တွေကလည်း မနည်းမနော ရှိပါတယ် ။
ကန်ထရိုက်တာတွေ ဘက်ကလည်း နှစ်ပေါင်းများစွာ တစ်ယောက်အထာ တစ်ယောက်သိနေပြီဖြစ်တဲ့ အလုပ်သမားတွေကို မဆုံးရှုံးချင်ပေမယ့်လည်း သူတို့ကိုယ်တိုင်တောင် အလုပ်ဆက်လုပ်လို့ မဖြစ်နိုင်သေးတဲ့ အတွက် အလုပ်မရှိဘဲ အလုပ်သမားတွေကို နေ့စဉ်လုပ်အားခ ရှင်းပေးဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူး ။
ဆောက်လုပ်ရေး လုပ်ငန်းတွေ နားထားလိုက်ရလို့ ကန်ထရိုက်တွေ ဘက်ကလည်း ရေရှည် လက်တွဲခဲ့ရတဲ့ ကိုအံ့ကျော်လို အလုပ်သမားကောင်းတွေကို မဖြစ်နိုင်တဲ့ အခြေအနေ ကြောင့် လက်လွှတ်လိုက်ရသလို ကိုအံ့ကျော်တို့လို ထောင်ပေါင်းများစွာသော အလုပ်သမားတွေ မိသားစု တွေ ဘ၀လည်း အနည်းနဲ့ အများဆိုသလို ယိမ်းယိုင်သွားခဲ့ရပြီဖြစ်ပါတယ် ။
သူဌေးသင်္ဘောမှောက်တာ ထမင်းမငတ်နိုင်ဘူးဆိုပေမယ့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေ အလုပ်လက်မဲ့ ဖြစ်လာရင်တော့ သူတို့မိသားစု ထမင်းဝိုင်းလေး အရင်လို စိုပြေတော့မှာ မဟုတ်တော့ပါဘူး ။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ကိုအံ့ကျော်တစ်ယောက်လည်း သူနေထိုင်တဲ့ ကျုးကျော်တဲ လေးအနီးအပါးက ရပ်ကွက်တွေထဲသွားပြီး ကြုံရာကျပန်း အလုပ်ကို ရှာကြံလုပ်နေရပေမယ့်လည်း နေ့တိုင်းအလုပ်မရှိသလို ၀င်ငွေကလည်း ပုံမှန် မရတဲ့ အတွက် အဆင်မချောလှပါဘူး ၊ အလုပ်အတူတူ နားလိုက်ခဲ့ရတဲ့ ဘ၀တူ သူငယ်ချင်းတွေလည်း သူလိုကိုယ်လိုဘ၀ နဲ့ ရင်ဆိုင်နေရတယ်လို ကြားနေရတဲ့ အတွက် အတိတ်ဘ၀ ၀ဋ်ကြွေး အမြန်ကုန်ဆုံးပြီး အရင်လို ပုံမှန် ဆောက်လုပ်ရေး အလုပ်ကလေး ပြန်ရလိုရငြား နားစွင့်နေမိတာကတော့ နေ့စဉ်ရက်ဆက်ဘဲဖြစ်ပါတယ် ။
ကိုအံ့ကျော်တို့လို နှစ်ပေါင်းများစွာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကျင်လည်ခဲ့တဲ့ အလုပ်သမားတွေ မျှော်လင့်တာကတော့ အရင်အခြေအနေ အတိုင်း ဆောက်လုပ်ရေး လုပ်ငန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ စည်ကားတဲ့လုပ်ငန်းခွင် တစ်ခုမှာ အလုပ်ပြန်လုပ်ချင်ကြတဲ့ဆန္ဒ ရှိကြပါတယ် ။ ဒါမှလည်း ကြုံသလို အလုပ်မှာ အလုပ်ရှိတစ်ရက် မရှိတစ်ရက် လုပ်နေရတဲ့ သူ့ဘ၀လေး ပြန်ပြီး တည့်မတ် တည်ငြိမ်လာမှာဖြစ်ပါတယ် ။
ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပြန်ဖွင့်ပေးလိုက်ပြီ လို့ သတင်းတွေ ကြားနေရပေမယ့်လည်း ခြောက်လတာ ရပ်နားထားရတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု အရင်လို ပြန်လည်ပတ်ဖို့ အတွက် ငွေကြေးအရင်းအနှီး လိုနေတယ် ဆိုပြီး သူတို့ကို နှစ်ပေါင်းများစွာ အလုပ်ပေးခဲ့တဲ့ ကန်ထရိုက်ဆီ ဖုန်းဆက်တိုင်း ကိုအံ့ကျော်ကို ကန်ထရိုက်တာ ကပြန်ပြန်ငြီးပြနေဆဲဖြစ်ပါတယ် ။
ကိုအံ့ကျော်အပြင် သူတို့လို ဘ၀တူ အလုပ့်သမားတွေ လိုချင်တာကတော့ သူတို့မိသားစု ထမင်းဝိုင်းလေး စိုစိုပြည်ပြည် ဖြစ်လာဖို့ ၊ သူတို့ ကျွှမ်းကျင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်နိုင်ဖို့ အတွက် ရန်ကုန်မှာ အဆောက်အအုံ တွေ များများဆောက်ကြပါစေ ၊ သူတို့လို အခြေခံ အလုပ်သမား လူတန်းစားတွေကို လူအင်အားများများနဲ့ သုံးနိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်ခွင်ကြီးတွေ များများ ပေါ်ထွတ်လာပါစေလို့ သာ ကြိတ်မှိတ်ဆုတောင်းရင်း အရင်ခေတ်လို မျှော်လင့်ချက် ရောင်ခြည်သန်းနိုင်မယ့် နေ့သစ်လေးကို စောင့်စားလျက်ရှိပါကြောင်း
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com