သီလ၀ါ အထူးစီးပွားရေးဇုန်၏ ကနဦးစီမံ ကိန်း ဟက်တာ ၄၀၀ ဧရိယာအတွင်း
ကုန်ထုတ်လုပ်နိုင်သည့် အဆင့် စက်ရုံ ၂၀ အထိ ရှိလာပြီဖြစ်သည်ဟု ဇုန်စီမံခန့်ခွဲရေး
ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်က ပြောသည်။
၎င်းဟက်တာ ၄၀၀ ဇုန်စီမံကိန်းအတွင်း ၀င်ရောက်လုပ်ကိုင်ရန်အတွက် နိုင်ငံပေါင်း
၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၆၈ ခုက ရင်းနှီး မြှုပ်နှံမှုပါမစ် ရရှိထားခြင်းဖြစ်သည်။
ယင်း အနက်မှ အောက်တိုဘာလ အထိတွင် စက်ရုံ ၁၉ ရုံမှ လုပ်ငန်းလည်ပတ်မှု
ရှိခဲ့သည်။
ယခု နိုဝင်ဘာ ၈ ရက်တွင်မူ ကိုရီးယားကုမ္ပဏီ တစ်ခုဖြစ်သည့် CJ Foods Myanmar
ကုမ္ပဏီက စက်ရုံလည်ပတ်မှုအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
CJ Foods Myanmarကုမ္ပဏီက ထိုကဲ့သို့ စက်ရုံလည်ပတ်နိုင်ခြင်းအတွက် ဖွင့်ပွဲအခမ်းအနား
တစ်ရပ်ကို သီလ၀ါစက်မှုဇုန်အတွင်းရှိ ၎င်းစက်ရုံဝင်းအတွင်း နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည်။
"အခုဆိုရင်တော့ ဒီကုမ္ပဏီအပါအ၀င် လည်ပတ်နေတဲ့ စက်ရုံက ၂၀ အထိ ရှိလာပါပြီ။
ကုန်ထုတ်လုပ်မှု ပမာဏ ဘယ်လောက်အထိ ရှိလာနေပြီလဲဆိုတဲ့ အချက်အလက်ကို
ပြောဖို့ စောနေပါသေးတယ်"ဟု ဒေါက်တာ သန်းသန်းသွယ်က ဆိုသည်။
Credit: Myanmar Times