ထားဝယ်ဒေသတွင် ဆောက်လုပ်မည့် ဟိုတယ်ဇုန်အား မောင်းမကန်ကမ်းခြေ ဧရိယာတစ်ဝိုက်တွင် ဖော်ဆောင်ရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ကမ်းခြေရှိ ဟိုတယ်များ ပြန့်ကြဲမနေဘဲ မောင်းမကန်ကမ်းခြေ အနီးတစ်ဝိုက်တွင် သီးသန့်ထားရှိရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရည်မှန်းထားပြီး နောက်ပိုင်းတွင် မောင်းမကန်ရွာ တစ်ဝိုက်အား မြို့ပြအစီအစဉ်ဆွဲပြီး ဖော်ဆောင်သွားရန် ရှိကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။
“ဟိုတယ်ဇုန်ကို သီးသန့်ထားချင်လို့ မောင်းမကန် ဧရိယာမှာပဲ ထားဖို့ ရည်ရွယ်တာပါ” ဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
မောင်းမကန်ဒေသ တစ်ဝိုက်သည် သစ်တောမြေဧရိယာမှ ပယ်ဖျက်ပြီး၊ မပယ်ဖျက်သေးသည့် မြေများရှိသည့်အပြင် ပယ်ဖျက်ပြီးသည့် မြေအချို့တွင်လည်း မြေဂရန် မရသေးသူများ ရှိနေသည့်အတွက် အစီအစဉ်ကို အကောင်အထည်ဖော်ရန်မြေယာနှင့် ဆက်စပ်ပြီး လုပ်ရမည်များကို ပထမဆုံး လုပ်ရမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အစိုးရအနေနှင့် မြို့ပြအစီအစဉ် ရေးဆွဲရာတွင် ဒေသခံများ၏ အခွင့်အရေး လိုအပ်ချက်များကို ဦးစားပေး စဉ်းစားစေချင်ကြောင်း မောင်းမကန် ဒေသခံ ဦးထွန်းကြည်က ဆိုသည်။
ယင်းကဲ့သို့ ဟိုတယ်ဇုန် ဖော်ဆောင်ပြီး တစုတစည်းတည်း ထားရှိမည် ဆိုပါက ကောင်းမွန်သော်လည်း ထားဝယ်ဒေသရှိ ကမ်းခြေမှာ ရှည်လျားသည့်အတွက် ဟိုတယ်များ ပြန့်ကြဲနေခြင်းကလည်း ကောင်းမွန်ကြောင်း ထားဝယ်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဦးကျော်ဦးက ပြောကြားသည်။
“လာတည်းတဲ့ သူတွေက အနားယူချင်တဲ့ ပုံစံတွေလည်း မတူနိုင်ဘူးလေ” ဟု ဦးကျော်ဦးက ဆိုသည်။
ထားဝယ်ဒေသသို့ အပန်းဖြေခရီး လာရောက်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး နိုင်ငံခြားသား အများစုမှာ မောင်းမကန် ကမ်းခြေထက် လောင်းလုံးမြို့နယ် တစ်ကြောရှိ သဘာဝအတိုင်း တည်ရှိနေသေးသည့် ကမ်းခြေများကို ပိုမိုစိတ်ဝင်စားကာ သွားလာမှု များပြားလျက်ရှိသည်။
Credit: The Voice