မွန်ပြည်နယ် ရေးမြို့နယ်တွင် လမ်းတံတား၊ လူနေအိမ်၊ အဆောက်အအုံ၊ သာသနိက၊ အစိုးရရုံး၊ ပုဂ္ဂလိကကွန်ဒို ဆီဆိုင်ကြီးများနှင့် စာသင်ကျောင်းများတွင် သစ်အသုံးပြုမည့်နေရာ၍ သံထည် (steel structure) ကို ၂၀၁၂ ခုနှစ်မှ စတင်ကာ အသုံးပြုလာကြပြီး ယနေ့အချိန်မှာ လူကြိုက်များ လာ၍ ပိုမိုသုံးစွဲလာနေလျက်ရှိကြောင်း သိရသည်။
“သစ်ကုန်ကြမ်းက ရှားလာတာရယ်၊ သစ်ဈေးကလည်း မြင့်မားလာတယ်။ သံထည်ကတော့ သဘာဝဘေး အန္တရာယ်အရ ခိုင်ခံ့ကြံ့ခိုင်မှုက ပိုများတယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်ပါတယ်။ အချိန် အနည်းငယ်အတွင်းမှာ လုပ်ငန်းပြီးစီးတဲ့အတွက် လုပ်ခနှင့် ကုန်ကျစရိတ်လည်း သက်သာလို့ တည်ဆောက်ရေး လုပ်ငန်းအပိုင်းကို ပြည်တွင်းက ကျွမ်းကျင် အလုပ်သမားများနဲ့ တည်ဆောက်ပေးနေပါတယ်” ဟု လုပ်ငန်းကြီးကြပ်ပေးနေသူ ဦးဆန်းအေးက ပြောသည်။
ရေးမြို့နယ်တွင် သံထည်များကို ရန်ကုန်မြို့မှတစ်ဆင့် တိုက်ရိုက်မှာ ယူတင်သွင်း ဝင်ရောက်လာပြီး သံထည်ကို တစ်တန်လျှင် ကျပ်ခြောက်သိန်းမှ ခုနစ်သိန်းဝန်း ကျင်ခန့် ရှိနေသည်။ သစ်ဈေးမှာ ယခင်က ပျဉ်းကတိုးသစ် တစ်တန် ခြောက် သိန်းခွဲ ရှိရာ ယခုအချိန်အခါ တစ်တန်လျှင် ရှစ်သိန်းရှိနေပြီး အခြားသစ်ရောရာ အုပ်စုများမှာ ခြောက်သိန်းအထက်၌ တည်ရှိနေသော်လည်း သစ်ကုန်ကြမ်း များမှာမူ ဈေးကွက်အတွင်း အဝင်မရှိကြသည့် အတွက် သစ်လုပ်ငန်း လုပ်ကိုင်သူများနှင့် သစ်အချောထည် ပရိဘောဂ ထုတ်လုပ်နေသူများမှာ လုပ်ငန်း ကျဆင်းလာဖွယ် ရှိနေကြောင်း သိရသည်။
Credit: MOI Webportal Myanmar