လူတွေ ပျားပန်းခပ်လှုပ်ရှားနေတဲ့ ရန်ကုန်မြို့လယ်က မြန်မာနိုင်ငံရဲ့တစ်ဦးတည်းသော ငွေကြေးဈေးကွက် တ ရားဝင်ရောင်းဝယ်ဖောက်ကားရာ ကြီးမားတဲ့ အဆောက်အအုံတစ်ခုထဲက မြင်ကွင်းဟာ ခြောက်ကပ်တိတ်ဆိတ် နေတာက ရုတ်တရက် ယုံကြည်နိုင်စရာမရှိပေ။
လူ့သည်းခြေကြိုက်ဖြစ်တဲ့ ငွေကြေးကိန်းဂဏန်းတွေ အရောင်းအ၀ယ်ပြုလုပ်ရာ Yangon Stock Exchange ရုံး ဖြစ်တဲ့ အဲဒီအဆောက်အအုံကြီးထဲမှာ စီးပွားရေးသမားလို့ ယုံကြည်လောက်စရာ တစ်ဦးတလေမှ ရှိမနေပါဘူး။ Stock Exchange ဆိုတာကို လေ့လာဖို့သွားခဲ့တဲ့ အောက်တိုဘာ၂၅ ရက်က အဲဒီမြင်ကွင်းဟာ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေပါတယ်။
ဘောလုံးကွင်းတစ်ကွင်းရဲ့သုံးပုံတစ်ပုံအရွယ်လောက်သာရှိတဲ့ Yangon Stock Exchange ရုံးခန်းမထဲမှာ ကြီး မားတဲ့နံရံကပ်တီဗီ ဖန်သားပြင်ပေါ်က ငွေကြေးကိန်းဂဏန်းတွေကို စိတ်ဝင်တစား စောင့်ကြည့်သူဟာ ၁၆ ဦးပဲ ရှိပါတယ်။ အဲဒီလူပုဂ္ဂိုလ်တွေထဲမှာ ဈေးကွက်အကြောင်း ဆောင်းပါးရေးဖို့ လာလေ့လာတဲ့ သတင်းထောက်က ၁၀ ယောက်နဲ့ တိုက်ရိုက်ရုပ်သံသတင်း တင်ဆက်ပေးနေတဲ့ ပြည်တွင်းရုပ်သံဌာနတစ်ခုက သတင်းထောက် သုံးယောက်ပါ ပါဝင်နေပါတယ်။
တီဗီဖန်သားပြင်ပေါ်က ငွေကြေးတန်ဖိုးကိန်းဂဏန်းတွေကို အမှန်တကယ် စိတ်ဝင်တစားစောင့်ကြည်သူဆိုလို့ အသက်(၅၀)အရွယ်ခန့် အမျိုးသား ကြီးသုံးဦးသာရှိပါတယ်။ ခန်းမထဲ မှာရှိ တဲ့ စားပွဲသုံးခုသာရှိနေတဲ့ ကော်ဖီဆိုင်မှာ မတ်တတ်ရပ်နေတဲ့ အရောင်းဝန်ထမ်းကလွဲလို့ တစ်ဦးတလေမှ ရှိမ နေပါဘူး။
အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နံပါတ်(၂)အဆင့်ဖြစ်ပြီး လူတစ်ဦးချင်း တစ်နေ့ဝင်ငွေဟာ စံချိန်မမီတဲ့ အ ပြင် လိုအပ်ချက်တွေ များနေတယ်လို့ နိုင်ငံတကာစစ်တမ်းတွေကဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဒီနေ့ခေတ်အခြေအနေ မှာ ကျပ်ငွေဘီလီယံ ၃၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ Yangon Stock Ex-change ရဲ့ လတ်တလောအခြေအနေ ဟာ ကြိုတင်ပြင်ဆင်ချိန်မရဘဲ ကြိုးဝိုင်းထဲဝင်ခဲ့ရတဲ့ လက်ဝှေ့သမားတစ်ယောက်လို ဖြစ်နေပါတယ်။
‘‘ပညာအခြေခံမရှိရင် မလုပ်နဲ့။ လောဘနဲ့လုပ်ရင်ကွဲမယ်။ မသိနားမလည်ဘဲလုပ်ရင်ကွဲမယ်’’ ဟု စီးပွားရေးပ ညာရှင် ခင်မောင်ညို (ဘောဂဗေဒ)က မြေစမ်းခရမ်းပျိုး ယနေ့ခေတ် စတော့ဈေးကွက်အ ခြေအနေကို သတိ ပေးပါတယ်။
Yangon Stock Exchange တရားဝင်စတင်တဲ့ ၂၀၁၆ မတ်လကနေ ယခုဆောင်းပါးရေးချိန် ၂၀၁၆ အောက်တို ဘာလကုန် ခုနစ်လခန့်အတွင်း စတော့ဈေးကွက်မှာ ရှယ်ယာအရောင်းအ၀ယ်စာရင်းဖွင့်ထားသူ နှစ်သောင်း ကျော်ရှိနေပါတယ်။ စတော့ရှယ်ယာဝယ်ထားသူတွေက Yangon Stock Exchange ရုံးကို မလာရောက်ဘဲ အ များစုက အင်တာနက်ပေါ်ကနေ အရောင်းအ၀ယ်ပြုလုပ်နေခြင်းဖြစ်လို့ ရုံးခန်းမထဲ စည်ကားခြင်းမရှိတာလို့ ရန် ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံထက် နှစ်ပေါင်းများစွာစောပြီး စတော့အိတ်ချိန်း ဈေးကွက်ဖွင့်ခဲ့ပြီး အောင်မြင်နေတဲ့ နိုင်ငံတွေမှာတော့ ဈေးကွက်ဖွင့် တဲ့နေ့တွေမှာစတော့အိတ်ချိန်းရုံးထဲ စီးပွားရေး သမားတွေ လွန်းထိုးရှုပ်ထွေးနေတာ မြင်ရတတ်ပါတယ်။
လက်ရှိစတော့ဈေးကွက်မှာ ရှယ်ယာတွေ တရားဝင်ရောင်းချခွင့်ရရှိထားတဲ့ ကုမ္ပဏီသုံးခုရှိနေပြီး First Myanmar Investment Co. Ltd နဲ့ နောက်ထပ်ကုမ္ပဏီနှစ်ခုက Myanmar Thilawar SEZ Holdings Public Ltd နဲ့ Myan-mar Citizens Bank Ltd တို့ဖြစ်ပါတယ်။ ၂၀၁၆ မကုန်မီ နောက်ထပ်ကုမ္ပဏီတစ်ခု ၀င်ရောက် လာမှာဖြစ်တယ်လို့ ဦးသက်ထွန်းဦးက အသိပေးပါတယ်။
လက်ရှိကုမ္ပဏီအားလုံးအစုရှယ်ယာများ စတင်ရောင်းချစဉ်က အနည်းဆုံးကျပ် ၂၆,၀၀၀ ကနေ အများဆုံးကျပ် ၄၀,၀၀၀ နှင့် စတင်ဖွင့်ခဲ့ပေမယ့် နောက်ပိုင်းတွင် ကျပ် ၇၀,၀၀၀ အထိ မြင့်တက်သွားကာ တရိပ်ရိပ်ပြန် ကျခဲ့ တာပါ။
မြန်မာနိုင်ငံရဲ့ လတ်တလောဈေးကွက်အခြေအနေက တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုယ်တိုင် ကျွမ်း ကျင်မှုနဲ့ တာဝန်ယူမှုနည်းနေသလို ရှယ်ယာဝယ်ထားသူ အများစုကလည်း စတော့ဈေးကွက်အ ခြေအ နေကို သိရှိနားလည်သူနည်းပါးနေတယ်လို့ စီးပွားရေးပညာရှင်တချို့ကထောက်ပြပြောဆိုနေပါတယ်။
စီးပွားရေးပညာရှင်ခင်မောင် ညို(ဘောဂဗေဒ)က ‘‘ကုမ္ပဏီတွေရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းမသိဘဲ ၀င်ရောက်လုပ်ကိုင်နေတဲ့သူတွေများတယ်’’လို့ ဆိုပါတယ်။ လူထုအနေနဲ့ စတော့ဈေးကွက်မှာ ၀င်ရောက်ရင်းနှီး မြှုပ်နှံနိုင်ဖို့ အခြေခံလိုအပ်ချက်တွေ လေ့လာဖို့လိုနေတယ်လို့ အကြံပေးပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းရုံးနဲ့ ဆယ်မိနစ်ခန့်လမ်းလျှောက်ရင်ရောက်တဲ့ ရန်ကုန်မြို့လယ်တစ်နေရာမှာ KBZ SC ကုမ္ပဏီဆိုတာရှိပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံးပုဂ္ဂလိကငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီဖြစ်ပြီး စတော့ ရှယ်ယာ ရောင်းဝယ်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေကို အကြံပေးတာတွေ၊ ၀န်ဆောင်မှုပေးတာတွေ လုပ်ဆောင် နေတဲ့ အဲဒီကုမ္ပဏီတာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်က အောင်မြင်လာလိမ့်မယ်လို့ တ ထစ်ချယုံကြည်နေကြပါတယ်။ သွက်လက်တက်ကြွနေတဲ့ ၀န်ထမ်းတွေက စတော့ဈေးကွက်အကြောင်း လာ ရောက်စုံစမ်းတဲ့ Customerတွေ၊ သတင်းသမားတွေကို စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။
‘‘လူဦးရေ ၅၁ သန်းကျော်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာအ ရောင်းအ၀ယ်လုပ်ရန် စာရင်းဖွင့်ထားသူလူဦးရေက နှစ်သောင်းကျော်ပဲ ရှိသေးတဲ့အပေါ် သူတို့ကစိတ်မပျက်ပါ ဘူး’’
KBZ SC တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Jonathan Lin က ‘‘မြန်မာနိုင်ငံမှာ ဒီဈေးကွက်က နုနယ်သေးတော့ အောင်မြင်ပြီးသား နိုင်ငံတွေနဲ့တော့ သွားနှိုင်းယှဉ်လို့မရသေးပါဘူး’’လို့ ဆိုပါတယ်။
လူထုဘက်ကနေ စတော့ဈေးကွက်ကို စိတ်ဝင်စားလာစေဖို့အတွက် မြန်မာနိုင်ငံအနှံ့နယ်လှည့်ပြီး ပညာပေး လုပ်ငန်းတွေဆက်တိုက်လုပ်နေတယ်လို့ KBZ SC ကုမ္ပဏီရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကြံပေး ကိုမာ သင်ကပြောပါတယ်။
ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက တညီတညွတ်တည်း သုံးသပ်တာကလည်း မြန်မာနိုင်ငံရဲ့ စတော့ အိတ်ချိန်း အောင်မြင်ဖို့အတွက် စီးပွားရေးနယ်ပယ်ထဲက ပြည်သူလူထုအနေနဲ့ စတော့ဈေးကွက်အကြောင်း သိရှိနားလည်ဖို့ လိုအပ်နေတာက အဓိကကျတယ်ဆိုတာပါ။
ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးကတော့ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စတော့ဈေးကွက် အောင်မြင်ဖို့က အရေးပါနေပြီး ပြည်သူလူထုက ငွေကြေးဈေးကွက် နဲ့ ပတ်သက်တဲ့ ဗဟုသုတနည်းပါးနေခြင်းက လတ်တလောအရေးကြီးဆုံးအဟန့်အတား ဖြစ်နေတယ်လို့ ဆိုပါ တယ်။
စတော့ဈေးကွက် စတင်လည်ပတ်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ‘‘Service ပေးနိုင်တဲ့ ၀န်ထမ်းနဲ့ လာအုံတဲ့ Customer မှာ Customer က များနေတယ်။ ဆိုတော့ ဘယ်လို Risk များတယ်ဆိုတာ ရှင်းပြချိန်မရခဲ့ဘူး။ Cu-stomer အုံနေတဲ့အခါကျတော့ Service ပဲ ပေးလိုက်ရတယ်။ Knowledge ကို မရှင်းပြရဘူး။ အစက ပထမ ဒီလိုတွေဖြစ်သွားတယ်’’လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒါပေမဲ့ စတော့ဈေးကွက်မှာ နှစ်ပေါင်း ၂၀လောက် စိတ်ရော ကိုယ်ပါ မြှုပ်နှံခဲ့တယ်ဆိုတဲ့ ဦးသက်ထွန်းဦးက စတော့ဈေးကွက် အောင်မြင်ဖို့ ရည်မှန်းချက်ကြီးကြီး မားမားထားထားပါတယ်။
‘‘အရှေ့တောင်အာရှမှာ အောင်မြင်နေတယ်ဆိုတဲ့ Stock Exchange တွေတောင် သူတို့ Customer တွေကို အ ခုထိ Know-ledge ပေးနေရတုန်းရှိသေးတယ်။ ကျွန်တော်တို့က ရှစ်လသားပဲရှိသေးတော့ Customer တွေ Knowledge ရအောင် အများကြီး လုပ်ရဦးမယ်’’
ဒါ့အပြင် စတော့ဈေးကွက် အောင်မြင်ဖို့ မြန်မာနိုင်ငံရဲ့ ထိတ်ထိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ၀င် ရောက်ရင်းနှီးမြှုပ်နှံဖို့နဲ့ အစိုးရဘက်ကလည်း ဥပဒေဆိုင်ရာအရ လျှော့ပေါ့ပေးပြီး တွန်းအားပေးဖို့ လိုအပ် နေ တယ်လို့ အကြံပြုပါတယ်။
Financial Times သတင်းဌာနမှာ ကာလရှည်လုပ်ကိုင်ခဲ့စဉ် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေး ဆိုင်ရာ သ တင်းဆောင်းပါးတွေ ရေးသားခဲ့တဲ့ လက်ရှိ Nikkei Asian Review သတင်းဌာနရဲ့ အယ်ဒီတာ Gwen Robinson ကလည်း မြန်မာစတော့အိတ်ချိန်းဟာ လတ်တလော အကျပ်တွေ့နေပေမယ့် ရေရှည်မှာ အလားအ လာကောင်း နိုင်ပြီး အစိုးရရဲ့ အားပေးကူညီမှုလိုအပ်နေတယ်လို့ အကြံပေးပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Yangon Stock Exchange ရဲ့ သက်တမ်းနဲ့အတူ တစ်နေ့တည်း တစ်ချိန်တည်း မွေး ဖွားခဲ့တဲ့ အရာတစ်ခုရှိနေပါသေးတယ်။ ယုံကြည်ရာဘာသာတရားအရ ခန်းမထဲမှာ ခမ်းခမ်းနားနား နေရာပေးခံ ထားရတဲ့ ခေါင်းလောင်းကြီးတစ်လုံးပါ။ ခေါင်းလောင်းကြီးရဲ့ ကိုယ်ထည်ထိပ်ပိုင်းနားမှာတော့ Yangon Stock Exchange ကို စတင်ဦးaဆာင်သူတွေရဲ့ မျှော်လင့်ချက်ကို ထင်ဟပ်စေတဲ့စာသားတစ်ခုထွင်း ထုထားပါတယ်။
မြန်မာလို ‘အောင်ကြောင်းအဖြာဖြာ’လို့ အဓိပ္ပာယ်ရတဲ့ ‘အောင်ဇေယျတု’ ဆိုတာပါပဲ။
Credit: 7DayDaily