ကန်ထရိုက်တာနှင့် မြေရှင် အကျိုးတူ ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များတွင် ဆက်လက်မဆောက်လုပ်ဘဲ ရပ်နားမှုများ ဖြစ်ပွားနေသောကြောင့် မြေရှင်များသည် အသိသက်သေများရှေ့တွင် စာချုပ်ချုပ်ဆိုသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။
လက်ရှိ အကျိုးတူဆောက်လုပ်သည့် ကန်ထရိုက်တိုက်များတွင် ကန်ထရိုက်တာမှ ဆက်လက်မဆောက်ဘဲ ရပ်နားသည့် ပြဿနာများ၊ မြေရှင်နှင့် ကန်ထရိုက်ကြား စာချုပ်ဖောက်ဖျက်သည့် ပြဿနာများ ရှိခြင်းကြောင့် မြေရှင်များသည် ကန်ထရိုက်တာအပြင် ဆောက်လုပ်မည့် အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည့် အသိသက်သေများဖြင့် စာချုပ်ချုပ်ဆိုသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ဌာနဘက်အနေနဲ့ ကန်ထရိုက်ဘက်က ဆက်မဆောက်တော့ဘဲ ရပ်နားထားရင် မြေရှင်က တိုင်ရင်အရေးယူပေးတယ်။ ဒါပေမဲ့ ဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကန်ထရိုက်တွေကိုပဲ အရေးယူ ဆောင်ရွက်လို့ ရတယ်။ တရားမဝင် ကန်ထရိုက်တာမျိုးကျတော့ ဘာမှတင်ပြထားတာ မရှိတော့ အရေးယူလို့လည်း မရဘူး။ ဒါကတော့ မြေရှင်ဘက်က တရားရုံးမှာ ကိုယ်တိုင်တရားမမှုနဲ့ အမှုဖွင့်ရမှာပါ” ဟု ၎င်းက ဆိုသည်။
လိုင်စင်မဲ့ ကန်ထရိုက်တာများမှာ မြေရှင်ကို ပြောင်းရွှေ့စရိတ် အပိုငွေ ပိုပေးပြီး ဆောက်လုပ်ခြင်းမျိုး ရှိခြင်းကြောင့် သက်ဆိုင်ရာ ကန်ထရိုက်တာ နာမည်၊ လိုင်စင်နံပါတ် နာမည်ကိုယူပြီး ဌာနတွင် တိုက်စစ်သင့်ကြောင်းနှင့် စာချုပ် ချုပ်ဆိုသည့်အခါ အဆောက်အအုံပြီးစီးမည့်နေ့ကို အတိအကျ ချုပ်ဆိုရမည် ဖြစ်ပြီး သတ်မှတ်ရက်အတိုင်း မပြီးစီးပါက လျော်ကြေးရမည့် ငွေပမာဏကိုလည်း တစ်ပါတည်း ထည့်ရေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တိုက်မဆောက်ခင် လာဆောက်လုပ်မယ့် ကန်ထရိုက်ရဲ့ Profile ကို ကြည့် ရပါမယ်။ လိုင်စင်မဲ့ ကန်ထရိုက်တွေနဲ့ မဆောက်သင့်ပါဘူး။ စည်ပင်က လိုင်စင်ရ ကန်ထရိုက်တာ အနေနဲ့ ဆောက်လုပ်နေစဉ် ရပ်နားတာတွေ၊ စာချုပ်ဖောက်တာတွေဆို သူတို့က စည်ပင်မှာ Deposit တင်ထားတဲ့အတွက် လျော်ကြေးရရှိမှာပါ” ဟု ဝေယံထွန်းလင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ကန်ထရိုက်တာ ဦးထွန်းထွန်းက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ လိုင်စင်ထုတ်ပေးထားသော လိုင်စင်ရ ကန်ထရိုက်တာ ၁၂ဝဝ ခန့် ရှိပြီး ကန်ထရိုက်တာ လိုင်စင်ကြေးကို အကြီးတန်း ကျပ်သိန်း ၅ဝဝ၊ အငယ်တန်း ကျပ်သိန်း ၂ဝဝဟု သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင် တရားစွဲဆို ခံထားရသည့် ခွင့်ပြုချက်မဲ့ အဆောက်အအုံ အလုံး ၂ဝဝဝ ကျော် ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
Credit: The Voice