မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်များ ပေးနိုင်သည့် ဥပဒေဟူ၍ တိတိကျကျ မရှိခြင်းကြောင့် ယင်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှု နည်းပါးကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်၊၊
နိုဝင်ဘာ ၆ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်သည့် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်း ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာက အိမ်၊ ခြံ၊ မြေ လုပ်ငန်းကို ကွမ်းယာသည်ကအစ လုပ်နေကြတယ်။ နိုင်ငံတကာမှာဆိုရင် အိမ်၊ ခြံ၊ မြေ လုပ်ငန်းက Professional လုပ်ကြတာ၊ ဒီမှာက အောက်ခြေလူတန်းစားတွေ ပါလုပ်တယ်။ အဲ့တော့ ဥပဒေထွက်ပြီး သူတို့လည်း တရားဝင်ဖြစ်အောင် လုပ်နိုင်မှ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်လာမှာ ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်၊၊
ထို့ကြောင့် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲ၍ ဥပဒေရေးရာ ကော်မတီသို့ တင်ပြထားပြီး ဆက်လက်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သို့ တင်ပြနိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) ထံမှ သိရသည်။
ထိုဥပဒေမူကြမ်းကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များနှင့် ဆွေးနွေးသွားမည် ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း ယင်းဥပဒေထွက်ရှိရန် လျာထားကြောင်း ဦးခင်မောင်သန်းက ပြောကြားသည်။
လတ်တလော အိမ်၊ ခြံ၊ မြေ ဥပဒေ အတည်တကျ မရှိသည့်အတွက် နိုင်ငံတော်အစိုးရ အတွက် အခွန်နစ်နာနေမှုများ ရှိနေပြီး ပြည်သူများ အနေနှင့်လည်း အိမ်၊ ခြံ၊ မြေနှင့် ပတ်သက်၍ ဝန်ဆောင်မှုများကို မကျေနပ်ပါက တိုင်ကြားရန် အခွင့်အရေးမရှိ ဖြစ်နေကြောင်း ၎င်းက ဆိုသည်၊၊
အဆိုပါ ဥပဒေမူကြမ်းတွင် လိုအပ်ချက်များ ရှိနေပြီး အိမ်၊ ခြံ၊ မြေတွင် လုပ်ကိုင်နေသော အလွှာအသီးသီး၏ အသံများ ပါဝင်ရန် လိုအပ်ကြောင်း ဧည့်နိုင်ငံသားများလည်း အိမ်၊ ခြံ၊ မြေ လုပ်ငန်းတွင် လုပ်ကိုင်ချင်ပါက ဥပဒေတွင် မည်သို့ ထည့်သွင်းရေးဆွဲသင့်သည့် အချက်များ ပါဝင်ရန် လိုအပ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီအဖွဲ့ဝင် ဦးတင်မောင်သန်းက မှတ်ချက်ပြု ပြောကြားသည်၊၊
လတ်တလော အိမ်၊ ခြံ၊ မြေ အသင်းဝင်များအကြား လိုင်စင်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိသော်လည်း လိုင်စင်ထုတ်ပေးမှုမှာ လုပ်ငန်းပိုင်းတွင်ပို၍ တိကျမှု ရှိနိုင်ကြောင်း ၎င်းက မှတ်ချက်ပေး ပြောဆိုသည်၊၊
အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်းကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ဥပဒေကြမ်း ကော်မတီသို့ တင်သွင်းခဲ့ပြီး ယင်းဥပဒေတွင် အခန်းရှစ်ခန်း ပါရှိသည်။
Credit : The Voice