ရှန်ဟိုင်း၌ အိမ်ဝယ်လက်များနှင့် အိမ်ခြံမြေ developer (မြေယာဝယ်ယူ အိမ်ခန်းဆောက်လုပ်ရောင်းချ) ကုမ္ပဏီများ အကြား ၀ယ်လိုအားနှင့် ရောင်းလိုအားသည် ယခုနှစ်အောက်တိုဘာလ တွင်သိသိသာသာ ကျဆင်းခဲ့သည်။ ရှန်ဟိုင်းအစိုးရ၏ အိမ်ခြံမြေဈေးနှုန်း များလျင်မြန်စွာမြင့်တက်နေမှုကို လျော့ကျရေး ထိန်းချုပ်ရန်နှင့် ကောလာဟလများအား ထိန်းချုပ်ရန် ကြွေးကြော်မှုများ ထိရောက်ခဲ့မှုကို ပြသလိုက်ခြင်းဖြစ်သည်။
အစိုးရမတည်သည့် တန်ဖိုးမျှတအိမ်ရာများမှအပ နေအိမ်ခန်းသစ်များရောင်းချရမှုဧရိယာသည် အောက်တိုဘာလတွင် စက်တင်ဘာလအောက် ၁၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စတုရန်းမီတာ ၈၆၉,၀၀၀ သာရှိခဲ့သည်။ ယင်းသည် အောက်တိုဘာလအား ယခုနှစ်မတ်လမှ အောက်တိုဘာလအထိ ၈ လတာအတွင်း အနိမ့်ဆုံးနှုန်းရှိခဲ့သည့်လ ဖြစ်စေခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလနှင့်ယှဉ်လျှင်လည်း ၄၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Shanghai Centaline အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက နိုဝင်ဘာလ၁ ရက်က ထုတ်ပြန်ခဲ့သည်။
ရောင်းလိုအားတွင်လည်း ယခုနှစ်အောက်တိုဘာလတွင် အိမ်ခန်းသစ် စတုရန်းမီတာ၂၉၉,၀၀၀ သာ ဈေးကွက်ထဲရောက်ရှိလာခဲ့သည်။ စက်တင်ဘာလအောက် ၅၆ ဒသမ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အောက်တိုဘာလအောက် ၈၂ ဒသမ ၈ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း Shanghai Centaline က ထုတ်ပြန်ခဲ့သည်။
"ဒီရောင်းလိုအားပမာဏဟာ ရှန်ဟိုင်းမှာ အစိုးရက အိမ်ခြံမြေရောင်းချမှုတွေအတွက်အွန်လိုင်းမှတ်ပုံတင်လိုအပ်ချက်တွေ သတ်မှတ်လိုက်ကတည်းက စံချိန်တင်ကျဆင်းမှုပါ" ဟု Shanghai Centaline ၏ အကြီးတန်းသုတေတနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
ရှန်ဟိုင်းသည် အိမ်ခြံမြေဈေးကွက်တည်ငြိမ်ရေးထိန်းချုပ်ရန် မြေယာရောင်းလိုအားတိုးမြှင့်ခြင်းနှင့် ငွေကြေးကြီးကြပ်မှုပိုမိုတိုးမြှင့်ခြင်းတို့အပါအ၀င် စီမံချက်များကို အောက်တိုဘာလ ၈ ရက်က ချမှတ်ခဲ့သည်။ မြေယာဝယ်ယူမှုများအတွက် ငွေအရင်းအမြစ်များကို စည်းမျဉ်းထိန်းချုပ်မည်ဖြစ်ကာ အိမ်သစ်ဈေးနှုန်းများနှင့် ပတ်သက်၍ ကြီးကြပ်မှုပိုမိုတင်းကျပ်မည်ဖြစ်ကြောင်း ရှန်ဟိုင်းအိုးအိမ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။
ပျမ်းမျှဈေးနှုန်းအားဖြင့် အောက်တိုဘာလက အိမ်သစ်များကို ၁ စတုရန်းမီတာလျှင်ပျမ်းမျှ ယွမ် ၄၃, ၈၃၈ (အမေရိကန်ဒေါ်လာ ၆,၄၅၇) ဖြင့် ရောင်းချခဲ့ရသည်။ ယင်းသည် စက်တင်ဘာလအောက် ၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်အောက်တိုဘာလကထက် ၃၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)