သမ္မတဘာရက်အိုဘာမားက အိမ်ဖြူတော်ဟာ ပြည်သူတွေရဲ့ အိမ်လို့ ပြောလေ့ပြောထရှိပါတယ် ။ အခုတော့ ပြည်သူတွေဟာ သူနေတဲ့အခန်းတွေကို ကြည့်ရှု့နိုင်ကြပါပြီ ။
Architectural Digest က အင်္ဂါနေ့က ထုတ်ပြန်တဲ့ သီးသန့်ဓါတ်ပုံတွေထဲမှာ အိုဘားမား ၊ သူ့ဇနီး မီရှဲလ် ၊ သမီးတွေဖြစ်တဲ့ မယ်လီယာနဲ့ ဆာရှာ ၊ အချစ်တော်ခွေးတွေဖြစ်တဲ့ ဘိုနဲ့ဆန်နီတို့ ရှစ်နှစ်နီးပါး နေထိုင်ခဲ့တဲ့ အိမ်ဖြူတော် ဒုတိယထပ်ရဲ့ သီးသန့်နေရာတွေကို ပထမဆုံးအကြိမ် ရိုးတိုးရိပ်တိပ် မြင်နိုင်ပါတယ် ။
လော့စ်အိမ်ဂျလိစ် အခြေစိုက် အိမ်အတွင်းခန်း အလှဆင်သူ မိုက်ကယ်စမစ်က အခန်းတွေနဲ့ ဘဲဥပုံအိုဗယ်ရုံးခန်းကို ပြင်ဆင်ပေးခဲ့ပါတယ် ။
သမ္မတကတော်က စမစ်ဟာအိမ်ဖြူတော်ရဲ့သမိုင်းကြောင်းကိုလည်း အလေးထားပြီး သူ့မိသားစုရဲ့ အကြိုက်တွေနဲ့လည်း အပ်စပ်အောင် ပြင်ဆင်ပေးခဲ့ကြောင်း ပြောပါတယ် ။
‘ ဒါ့ထက်ပိုတာက ကျွန်မတို့မိသားစုအတွက် အိမ်တစ်လုံးအဖြစ် တကယ်ခံစားရတာပါပဲ’ လို့ သူက မဂ္ဂဇင်းကို ပြောပါတယ် ။
ဓါတ်ပုံတွေထဲမှာ အဝါရောင်ဘဲဥပုံအခန်း ၊ အိုဘားမားက နောက်နေ့လုပ်စရာတွေကို ညဘက်ကြမ်းဖျင်းသွားဖတ်တဲ့ အနားယူခန်း Treaty Room ၊ ဧည့်ခန်း ၊ ထမင်းစားခန်းနဲ့ နှစ်ယောက်အိပ်ခန်း တို့ပါဝင်ပါတယ် ။ အခန်းတွေမှာ အမျိုးသားအနုပညာပြခန်းနဲ့ စမစ်ဆိုနီယန်ပြတိုက်တွေလိုမျိုး အနုပညာပြခန်းတွေကနေ ငှားရမ်းထားတဲ့ ခေတ်သစ်နဲ့ ခေတ်ပြိုင်ပန်းချီကားတွေနဲ့ ဆင်ယင်ထားပါတယ် ။
Architectural Digest မဂ္ဂဇင်းဟာ သမ္မတဂျွန်အက်ဖ်ကနေဒီ ၊ ရော်နယ်ရေဂင်နဲ့ ဂျော့်ရ်ဒဗလျူဘုရှ်တို့ရဲ့ ကိုယ်ပိုင်အထပ်တွေကို ဓါတ်ပုံရိုက်ထားတာကိုလည်း ပြသခဲ့ပါတယ် ။
ဝါညိုနုရောင်တွေနဲ့ ဆင်ယင်ထားတဲ့ နှစ်ယောက်အိပ်ခန်းမှာ အကောင်းစား အီတလီအိပ်ရာခင်းနဲ့ အလှဆင်ထားတဲ့ ရှေးဟောင်းအမိုးပါ ကုတင်ရှိပါတယ် ။ ခုတင်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ စားပွဲခုံတွေရှိပြီး တစ်ခုမှာ စာအုပ်တွေ စီရီထားပါတယ် ။ ထိုင်ဖို့အတွက် လိုက်ဖက်တဲ့ အရောင်နဲ့ ထိုင်ခုံတွေနဲ့ ဆိုဖာတစ်လုံးကို ချထားပါတယ် ။
စမစ်က အိပ်ခန်းကို အိုဘားမားမိသားစုရဲ့ ကွန်ဒိုနေရာဖြစ်တယ်လို့ ဆိုပါတယ် ။
‘အမေရိကန်နိုင်ငံရဲ့ သမ္မတကြီး အိပ်ရေးဝဝ အိပ်စက်နိုင်ရေးကို ခင်ဗျားလဲ အသေအချာလုပ်ပေးချင်မှာပါပဲ’ လို့ သူက မဂ္ဂဇင်းကို ပြောပါတယ် ။
Credit: The Modern