မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်လာတဲ့အတွက် အိမ်ခြံမြေအငှားဈေးကွက် ပိုမိုတွင်ကျယ်လာနိုင်တယ်
လို့ အကျိုးဆောင်တချို့က ခန့်မှန်းကြပါတယ် ။
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ‘ နိုင်ငံခြားသားက နှစ်ရှည်ငှားရမ်းလို့ရမှ ရင်းနှီးမြှုပ်နှံဖို့ လာချင်တာ ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ တရားဝင်စာချုပ်စာတမ်းနဲ့ နှစ် ၅၀ ငှားရမ်းနိုင်ပြီ ၊ နိုင်ငံခြား ရင်းနှီးမြှု့ပ်နှံမှုလာဖို့ ပိုလွယ်သွားပြီ ၊ အိမ်ခြံမြေအငှားဈေးကွက် ပိုသွက်လာနိုင်တယ် ’ လို့ သုံးသပ်ပါတယ် ။
နိုင်ငံခြားသားအများစုက နှစ် ၃၀ လောက် ငှားလို့ရမှ လာရောက်ရင်းနှီးမြှုပ်နှံကာ အလုပ်လုပ်ချင်တာဖြစ်ပါတယ် ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ မြေနဲ့အဆောက်အအုံတွေကို နိုင်ငံခြားသားများကို တရားဝင်စာချုပ်စာတမ်းနဲ့ နှစ် ၅၀ ငှားရမ်းနိုင်ပြီဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အခြေချလုပ်ကိုင်ဖို့ အခွင့်များလာပြီလို့ ဆိုပါတယ် ။
အခုနှစ်အောက်တိုဘာ ၁၈ ရက်နေ့က ပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအခန်း (၁၂) မြေအသုံးချခွင့်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံလိုသူတွေဟာ အစိုးရ (သို့မဟုတ်) အစိုးရအဖွဲ့ အစည်းများထံမှ ဖြစ်စေ ၊ ပုဂ္ဂလိကမြေ (သို့မဟုတ်) အဆောက်အအုံပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် ၊ အတည်ပြုမိန့်ရရှိတဲ့အခါ ကနဦး နှစ် ၅၀ ငှားရမ်းတဲ့အထိ သတ်မှတ်ချက်နဲ့အညီ မြေ ၊ အဆောက်အအုံငှားရမ်းခွင့် သက်တမ်းတိုးခွင့် ၁၀ နှစ်နဲ့ နောက်ထပ် ၁၀ နှစ် သက်တမ်းတိုးမြှင့်ငှားရမ်းနိုင်မှာ ဖြစ်တယ်လို့
ဖော်ပြထားပါတယ် ။
ကျပ်သန်း ၁၀,၀၀၀ တန်မြေကွက်ကို တစ်လ ၁၅ သိန်းငှားမယ်ဆိုရင် နှစ် ၅၀ အတွက် ကျပ်သိန်း ၉၀၀၀ လောက်ရနိုင်တာဆိုတော့ အရောင်းထက် အငှားဘက်ကို ပိုစိတ်ဝင်စားလာကြမယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း
လုပ်ကိုင်သူအချို့က သုံးသပ်ပါတယ် ။
ရင်းနှီးမြှုပ်နှံသူက မြေငှားရမ်းခြင်း စာချုပ်စာတမ်းကို မှတ်ပုံတင်ခြင်း အက်ဥပဒေနဲ့အညီ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ဖော်ပြထားတာကို တွေ့ရပါတယ် ။
‘ အခုလောလောဆယ်တော့ ကောင်းကျိုးဆိုးကျိုးကတော့ ခန့်မှန်းလို့မရသေးဘူး ၊ အကောင်းဆုံးကိုတော့ မျှောင်လင့်ထားကြတာပါပဲ’ လို့ ဖိုးလမင်းအိမ်ခြံမြေ အထွေထွေအကျိုးဆောင်လုပ်ငန်းက ကိုဝဏ္ဏစိုးက ပြောပါတယ် ။
အခုရက်ပိုင်းတွေမှာ နိုင်ငံခြားသားလာရောက်ပြီး စုံစမ်းတာတွေရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရပါတယ် ။
အခုလိုမြေငှားရမ်းမှုကလည်း ဥပဒေအရ အခိုင်အမာ ရှိပြီဆိုတော့အရင်လို နိုင်ငံခြားသားငှားတဲ့အခါ ပြသနာအရှုပ်အရှင်းမရှိတော့ အိမ်ခြံမြေအငှားဈေးကွက် ပိုသွက်လာနိုင်တယ်လို့ ဆိုကြပါတယ် ။
Credit: The Modern