သည်နှစ်အစောပိုင်းလောက် ခေတ်စားလာတဲ့ မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေက အဆောင်ငှားရမ်းမှုတွေမှာ အဆောင်ဖွင့်လှစ်သူကိုယ်တိုင် ဘော်ဒါဆောင်လိုင်စင် လျှောက်ထားရမယ့် ကိစ္စတွေကို မသိနားမလည်တဲ့ အခြေအနေတွေ တောင်ဥက္ကလာပမြို့နယ်အတွင်း အဖြစ်များနေပါတယ်။
“အဆောင်ဖွင့်ထားတာ နှစ်နှစ်လောက်ရှိပြီ၊ ဒီလိုလိုင်စင်တွေ ဘာတွေ လုပ်ရမယ်ဆိုတာ အခုနောက်ပိုင်း အဆောင်လိုင်စင် မလုပ်တဲ့သူတွေကို အရေးယူမယ်ပြောတော့မှ သတင်းစာဖတ်ပြီး သိတာ၊ ဘယ်လိုလိုင်စင် လုပ်ရမယ်ဆိုတာလဲ နားမလည်ဘူး၊ ကိုယ်တွေက ကိုယ်ပိုင်မြေကို ကိုယ်တိုင်ကန်ထရိုက်ပေးပြီး အခန်းတွေ ကို အဆောင်ဖွင့်စားတော့ သိပ်နားမလည်ဘူး” လို့ တောင်ဥက္ကလာပမြို့နယ် ခြောက်ထပ်တိုက် ကန်ထရိုက် တိုက်ပေါ်မှာ အဆောင်ဖွင့်လှစ်ထားတဲ့ ဒေါ်သူဇာက သူ့အဖြစ်ကို ရှင်းပြပါတယ်။
အဆောင်ဖွင့်လှစ်သူတွေအတွက် ဘော်ဒါဆောင်လိုင်စင်ကို အရင်ကတည်းက လျှောက်ထားနိုင်တာ ဖြစ် ပေမဲ့ ကိုယ်တိုင်နေထိုင်ပြီး အဆောင်စုနေသူ အများစုနဲ့ အခုနောက်ပိုင်း ကန်ထရိုက်တိုက် ခေတ်စားလာ တဲ့ မြို့နယ်တွေမှာတော့ သည်လိုလိုင်စင်ပြုလုပ်ဖို့ မရင်းနှီးကြတဲ့ အခြေအနေပါ။
လိုင်စင်လျှောက်ထားမယ်ဆိုရင်
အခုနောက်ပိုင်းမှာတော့ သက်ဆိုင်ရာမြို့နယ်အလိုက် စည်ပင်သာယာရေး ကော်မတီက လိုင်စင်ပြုလုပ်ရ မယ့်ကိစ္စကို သတိပေးတာတွေ ရှိသလို စည်ပင်ဥပဒေပုဒ်မ ၆၈၊ ၆၉ နဲ့ အရေးယူမယ်ဆိုတဲ့ ကိစ္စတွေ ကြောင့် အဆောင်ဖွင့်သူတွေမှာ လိုင်စင်လုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။
ဘော်ဒါဆောင်လိုင်စင် လျှောက်ထားမှုကို အွန်လိုင်းကတစ်ဆင့် လျှောက်ထားနိုင်သလို သက်ဆိုင်ရာမြို့နယ် စည်ပင်ရုံးတွေမှာလည်း သွားရောက်လျှောက်ထားနိုင်ပါတယ်။ အွန်လိုင်းကတစ်ဆင့် လျှောက်ထားမယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေကတော့ လုပ်ငန်းတည်နေရာဖြစ်တဲ့ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ လမ်း၊ အိမ်နံ ပါတ်၊ အခန်းနံပါတ် တို့ လိုအပ်သလို လုပ်ငန်းအချက်အလက်တွေအနေနဲ့ လုပ်ကိုင်မယ့် လုပ်ငန်းနာမည်၊ လုပ်ငန်းဖုန်း၊ လုပ်ငန်းအီးမေးလ်၊ ပထမအကြိမ် မှတ်ပုံတင်တဲ့နေ့၊ အမှန်တကယ် လုပ်ငန်းစတင်တဲ့နှစ်၊ စုစု ပေါင်း အလုပ်သမား အရေအတွက်၊ စတာတွေ လိုအပ်ပါတယ်။
လုပ်ငန်းအသေးစိတ်အချက်အလက်တွေအနေနဲ့ကတော့ ခုတင်အရေအတွက်၊ တည်းခိုနိုင်တဲ့ လူဦးရေး ပေါင်း၊ သီးခြားအိမ်သာ အရေအတွက်၊ သီးခြားခန်း ရေချိုးခန်း အရေအတွက်၊ ရေသိုလှောင်တဲ့ ရေဂါလန် ပေါင်း စတာတွေ လိုအပ်ပါတယ်။ လုပ်ငန်းရှင် အချက်အလက်နေရာမှာ တော့ အမည်၊ မှတ်ပုံတင်၊ ဆက် သွယ်ရန်လိပ်စာ၊ ဖုန်းနဲ့ အီးမေးလ် စတာတွေ လိုအပ်ပါတယ်။
အွန်လိုင်းကလျှောက်ထားမယ်ဆိုရင်တော့ www.ycdc.gov.mm ရဲ့ အွန်လိုင်းဝန်ဆောင်မှုကဏ္ဍမှာ ဝင် ရောက်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားမှုတွေမှာတော့ ဘေးဝဲယာနေအိမ်တွေရဲ့ ထောက်ခံချက် ၁၀ ခုလိုအပ်ပြီး လိုင်စင်ကြေးအနေနဲ့ကတော့ တစ်နှစ်စာအတွက် ခုတင်တစ်လုံးကို ကျပ် ၂၀၀၀ ဝန်းကျင် ကျ သင့်မှာ ဖြစ်ပါတယ်။ လျှောက်ထားမှုတွေကတော့ တစ်ပတ်လောက်အထိ ကြာမြင့်နိုင်ပြီး လိုင်စင်ရရှိတဲ့ ကတ်ကိုတော့ သက်ဆိုင်ရာ စည်ပင်ရုံးမှာ ငွေသွင်းပြီး ချလန်ထုတ်ရမှာ ဖြစ်ပါတယ်။
“လိုင်စင်လုပ်မယ်ဆိုရင် လွယ်ကူအောင် အွန်လိုင်းကလဲ လျှောက်ထားလို့ရတယ်၊ အပြင်က လျှောက်မယ် ဆိုရင်လဲ သက်ဆိုင်ရာ မြို့နယ် အီးအိုရုံးမှာ လျှောက်ထားနိုင်တယ်၊ အချိန်ကတော့ အချက်အလက်ပြည့်စုံ ရင် တစ်ပတ်လောက်ပဲ ကြာတယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆောင်ဖွင့်တဲ့ ဈေးကွက်က အရင်က နယ်ဘက်က လာရောက် အလုပ်လုပ်ကိုင်ကြတဲ့သူတွေက မြို့ထဲ ပိုင်းနဲ့ လှည်းတန်းဘက်တွေမှာသာ ခေတ်စားပေမဲ့ အခုနောက်ပိုင်းမှာတော့ တက္ကသိုလ်ကျောင်းနဲ့ နီးစပ်တဲ့ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံမြို့နယ်တွေမှာပါ ခေတ်စားလာပါတယ်။ သည်လို အဆောင်ဖွင့်လှစ်သူတွေ များပြားလာပေမဲ့လည်း အမှန်တကယ် မှတ်ပုံတင်သူ နည်းပါးနေသေး တယ်လို့လည်း သိရပါတယ်။
အဆောင်ဈေးနှုန်းတွေကတော့ မြို့တွင်းပိုင်းမှာ ကျပ် ၅၀,၀၀၀ ဝန်းကျင်ကနေ ကျပ် တစ်သိန်းလောက်အထိ လူအရေအတွက် ကွဲပြားပါတယ်။ နောက်ပိုင်း မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေက အဆောင်ငှားခကတော့ ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀လောက်အထိ ရှိပါတယ်။ အများစုကတော့ လချင်းပေးတွေ များပြီး သုံးလပြတ်နဲ့ ငှားတဲ့ အဆောင်တွေလည်း ရှိပါတယ်။
Credit: The Modern